တာချီလိတ် - မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

တာချီလိတ် - မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ
မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ် စစ်ဆေးရေးဂိတ်များတွင် ကုန်တင်သွားလာနေသည့် ကားသမားများထံမှ ငွေကြေး အဆမတန် တောင်းခံနေကြောင်း ကားသမားများက ပြောသည်။

တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်း ကျော် ကုန်ကျကြောင်း တာချီလိတ်မြို့နယ်မှ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အခုက တရားဝင်ကုန်တွေကို တင်နေတာ။ တင်ဖို့ခွင့်ပြုချက်ရှိတဲ့ ကုန်တွေတင်ပြီး သွားလာနေတာ။ လမ်း ကြေးတွေနဲ့ ပေးရတာ ၂၄ သိန်းကျော်တောင်ကုန်တယ်။ ပစ္စည်းတွေ တင်ပို့လို့ရတာက ကျပ်သိန်း ၂၀ တောင် မပြည့်ချင်ဘူး။ ဘယ်လိုမြတ်မလဲ။ကောက်တဲ့ လူတွေကလည်း လုပ်ချင် သလိုလုပ်၊ကောက်ချင်သလို ကောက် နေကြတာလေ။”

လက်ရှိတွင် တာချီလိတ်မှ မိုင်းရှူးသို့ ကုန်တင်သွားလာရာ လမ်းတစ်လျှောက် မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ တာကော်နှင့် ကာလိမြို့နယ်များရှိ စစ်အုပ်စုတပ် စစ်ဆေးရေးဂိတ်များတွင် ငွေကြေး ပေးဆောင်နေရကြောင်း အသက် ၃၀ ဝန်းကျင် ကားသမား အမျိုးသားတစ်ဦးက ဆက်လက်ပြောကြားသည်။

“တချို့ကလည်း ၁၀ သိန်း၊တချိုးကားတွေကလည်း ၁၅ သိန်းပေးရတယ်။ပုံမှန်မရှိဘူး သူတို့တောင်းနေတာ။ တာကော်တံတားမှာ အများဆုံးပေးနေကြရတာ” ဟု အဆိုပါ ကားသမားက ပြောသည်။

ထို့ပြင် မိုင်းပျဉ်းနှင့် တာကော်တံတားကြား လမ်းပိုင်းမှာ ပျက်စီးနေပြီး တောင်ကုန်းတောင်တန်း များပြားသည့်အပြင် မိုးရွာသွန်း၍ တောင်ပြိုကျပါက ခရီးဆက်သွား၍ မရသဖြင့် လမ်းဘေးရှိ ထမင်းဆိုင်များ၊ လမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းရသည့် အခြေအနေများလည်း ရှိနေသည်။

အထက်ပါ အသက် ၃၀ ဝန်းကျင် ကားသမားက “ညအိပ်ရတာက ကားထွက်ရင်နောက်ကျလို့ အိပ်ရတာရှိတယ်။ မိုင်းပျဉ်းလမ်းပိုင်းက မိုးရွာလို့ တောင်ပြိုရင်လည်း အိပ်ရတာသေချာတယ်။ ကြုံတဲ့ ထမင်းဆိုင်တွေမှာ ဝင်အိပ် ရတာပါပဲ။ တချို့ကလည်း မြေပြိုတဲ့နေရာမှာပဲ အိပ်တာ။ တာကော်နဲ့ မိုင်းပျဉ်းကြားကတော့ လမ်းတော်တော် ပျက်တယ်” ဟု ဆက်ပြောသည်။

ကုန်တင်ကားသမားများအနေဖြင့် ကုန်တင်နိုင်မှသာ အဆင်ပြေသော်လည်း ကုန်တင်ရန်အတွက် အချိန်ပေး စောင့်ဆိုင်းရသည့်အပြင် ခရီးသည် တင်ဆောင်မှုလည်း နည်းပါးသဖြင့် ဝင်ငွေရရှိရန် ခက်ခဲလာကြောင်း တာချီလိတ်မြို့နယ်မှ ကားသမားက ဆက်ပြောသည်။

“ကုန်မတင်လည်း မမြတ်ဘူး။ ကုန်တင်လည်း လမ်းကြေးတွေနဲ့က မမြတ်ပြန်ဘူး။ ဘာလုပ်စားရမလဲကို မသိ တော့တာ။ ကားအကြီးနဲ့ ကြတော့လည်း အဆင်မပြေဘူး။ ကားအသေးတွေနဲ့လည်း မြတ်မလိုလိုနဲ့ ဂိတ်ကြေး တွေနဲ့ အဆင်မပြေပြန်ဘူး။”

တာချီလိတ် – မိုင်းရှူး ပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှု၊ ဝယ်ယူရန် ခက်ခဲမှုနှင့် စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ကားသမားအချို့ လုပ်ငန်း ရပ်နားထားကြရသည်။

အလားတူ သျှမ်းပြည် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ ကုန်တင်သွားလာနေသည့် ကားသမားများသည်လည်း စစ်ဆေးရေးဂိတ်ပေါင်းများစွာကို ဖြတ်သန်းရသည့်အပြင် ဂိတ်ကြေး ကျပ်သိန်း ၃၀ ထက်မနည်း ကုန်ကျစရိတ် ရှိနိုင်ကြောင်း ကားသမားများ၏ ပြောပြချက်အရ သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...