ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင် လူငယ်များကို အဓမ္မ ခေါ်ဆောင်၍ ရှေ့တန်းစခန်းများ တည်ဆောက်ရေး၌ လုပ်အားပေး ခိုင်းစေလျက်ရှိကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ ဖမ်းဆီးခံထားရသူများကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် ထိန်းသိမ်းထားပြီး ဩဂုတ်လ နောက် ဆုံးပတ်မှ စတင်ကာ ရွှေမင်းဂံ၊ အမြင့်ကျွန်းနှင့် အခြား ရှေ့တန်း စခန်းများသို့ ကားများဖြင့် နေ့စဉ် ခေါ်ထုတ်ကာ အဓမ္မ ခိုင်းစေနေခြင်း ဖြစ်သည်။
စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ဖမ်းဆီးခံထားတဲ့ လူငယ်တွေပေါ့နော်။ ရခိုင်တွေလည်း ပါတယ်။ မွတ်ဆလင် တွေလည်း ပါတယ်။ သူတို့ကို ဒကစမှာထားတယ်။ အဲဒီကတဆင့် ရှေ့တန်းတွေမှာအလုပ်လုပ်ဖို့ ခေါ်ယူတယ်။ နေ့တိုင်း ခေါ်ထုတ်သွားတာတွေကို မြင်တွေ့နေရတာပေါ” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ဖမ်းဆီးထားသူ ရခိုင်နှင့် မွတ်ဆလင် လူငယ်များအနက် စခန်းတစ်ခုလျှင် လူ ၂၀ မှ ၃၀ ခန့် အထိ ခွဲဝေ ပို့ဆောင်ထားပြီး ဘန်ကာ၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း တူးဖော်ခြင်း၊ မြေကျင်းများ တူး၍ ဝါးချွန်စိုက်ခြင်းနှင့် သဲအိတ်ထမ်းခြင်း စသည့် အန္တရာယ်ရှိသော လုပ်ငန်းများကို အဓမ္မ ခိုင်းစေနေသည်။
ယခု လုပ်အားပေး ခိုင်းစေနေသည့် နေရာများသည် အာရက္ခတပ်တော် (AA) နှင့် နှစ်ဖက် စစ်ဆိုင်ထားသည့် စစ်တွေမြို့ပြင်ရှိ ရှေ့တန်း စစ်မျက်နှာပြင်များ ဖြစ်သဖြင့် ဖမ်းဆီးခံထားရသူများ၏ အသက်အန္တရာယ်ကို ထိခိုက် စေနိုင်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “စစ်တွေမြို့ပြင်က အခုဆိုင်ရင် ရှေ့တန်းစစ်မျက်နှာလေ။ လက်နက်ကိုင်ထားတဲ့ နှစ်ဖက် စစ်သားရှိနေတဲ့နေရာတွေပါ။ အဲဒီနေရာတွေမှာ ရှေ့ကတင်ပြီး အလုပ်လုပ်ခိုင်းတော့ သေရင်သေပစေပေါ့။ ဒီလိုရည်ရွယ်ချက်ပေါ့။ ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းဆိုတာ စစ်သားတွေတူးရတဲ့ ဖောက်ရတဲ့ အလုပ် လေ။ အခုက လက်နက်အားကိုးနဲ့ အရပ်သားတွေကို အဲဒီအလုပ်တွေကို လုပ်ခိုင်းနေတယ်” ဟု ပြောသည်။
လက်ရှိ စစ်တွေမြို့ပြင်တွင် စစ်ရေး တင်းမာမှု မြင့်တက်နေပြီး နှစ်ဖက် စစ်ရေး ပြင်ဆင်မှုများနှင့်အတူ လက်နက် ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုများရှိနေသည်။
စက်တင်ဘာလ ၃ ရက်နေ့ကလည်း စစ်အုပ်စုတပ်သည် စစ်တွေ၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များရှိ ကျေးရွာများကို ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် မိနစ် ၃၀ အတွင်း အကြိမ် ၃၀ ဗုံးကြဲခဲ့သည့်အပြင် စစ်သင်္ဘော များမှလည်း ပေါက်တောနှင့် ရသေ့တောင် မြို့နယ်များဘက်သို့ ရေကြောင်းမှ ဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ် ခဲ့သည်။







