ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၅ ဦး သေဆုံးခဲ့ ကြောင်း မော်ချီးဒေသခံများက ပြောသည်။
အသက် ၁၅ နှစ်အောက် ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံး ခဲ့ရပြီး အခြား ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အဆိုပါဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
၎င်းဒေသခံ အမျိုးသားက “သေတာက ၅ ယောက်၊ ထိခိုက်ဒဏ်ရာရ က ၈ ယောက်ရှိတယ်။ မော်ချီးမိုင်းလုပ် တွင်းမှာပဲ၊၂ လုံးကြဲချတာ” ဟု ပြောသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို ကန္တာရဝတီတိုင်း(မ်) အနေဖြင့် ဆက်လက် အတည်ပြုနေဆဲ ဖြစ် သည်။
လက်ရှိ ဖားဆောင်းမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ရက်များကတည်းက စစ်အုပ်စုတပ် ၏ လေယာဉ်များ ပျံဝဲနေခဲ့ပြီး ဗုံးမကြဲမီ အချိန်တွင်လည်း ကင်းထောက်ပျံဝဲမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ က ဆိုသည်။
မော်ချီးခဲတွင်းတစ်ခုမှ ခဲလုပ်သားတစ်ဦးက “ရက်တိုင်းပဲ လေယာဥ်က။ ဖားဆောင်းဖက်မှာ တိုက်ပွဲဖြစ်လို့ ရက် တိုင်းလာတယ်ရော။ ရက်တိုင်းက မော်ချီးကို ဖြတ်သွားတယ်။ ဒီရက်မှ နှစ်စီးလာတယ်။ အပေါ်မှာ ဝဲနေတာ အကြာကြီးပဲ။ မြူတွေထူနေလို့ တစ်စီးပဲ ချတာ။ တစ်စီးတော့ မချလိုက်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း မော်ချီးဒေသရှိ တစ်နေရာကို စစ်အုပ်စုတပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။







