မင်းတပ်၊ ဝုမ်းခုမ်ရွာ ဗုံးကြဲမှုကြောင့် ၈ ဦး သေဆုံးပြီးနောက် လေကြောင်းရန် အထူးသတိပေး

မင်းတပ်၊ ဝုမ်းခုမ်ရွာ ဗုံးကြဲမှုကြောင့် ၈ ဦး သေဆုံးပြီးနောက် လေကြောင်းရန် အထူးသတိပေး

ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများ အပါအဝင် ပြည်သူ ၈ ဦး အစုအပြုံလိုက် သေဆုံးခဲ့ရပြီးနောက် စစ်တပ်၏ လေကြောင်းရန်ကို အထူးဂရုစိုက်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPA/CPU) က သတိပေးလိုက်သည်။

ဩဂုတ်လ ၃၀ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်တွင် ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝမ်းခုမ်းကျေးရွာရှိ နေရာ ၂ ခုကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟု ယူဆရသော ဗုံး ၄ လုံး ကြဲချ၍ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

CPU/CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုက ပြည်သူ တွေ နေရာကလည်းပဲ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့လည်း တော်တော်ဝေး တယ်။ ၁၄/ ၁၅ မိုင်လောက် ဝေးပါတယ်။ သူတို့ကလည်း တချို့က စစ်ဘေးရှောင်တွေက စစ်ဘေးရှောင်နေကြ တာဖြစ်ပါတယ်။ ဆိုတော့ အဲဒီဘက်မှာ တိုက်လေယာဉ်နဲ့ ကြဲတာ ၂ နေရာပေါ့။ တစ်ခါကြဲရင် ၂ လုံးစီနဲ့ ၂ နေရာမှာ ရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေပေါ့။ ကြဲတဲ့ နေရာကလည်း တစ်နေရာနဲ့ တစ်နေရာ မီတာ ၃၀၀/ ၄၀၀ လောက် ကွာပါတယ်။ အဲလိုခွဲခြားပြီးမှ ကြဲလိုက်တာ။ အဲလိုမျိုးကြဲတာမှာ ပြည်သူတွေ ထိသွားတာပါ” ဟု ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မူလတန်းကျောင်းသား ၂ ဦး၊ ၉ တန်းကျောင်းသူ ၁ ဦး၊ စစ်ဘေးရှောင် ၂ ဦးနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများ အပါအဝင် ဒေသခံပြည်သူ ၈ ဦး (ကျား ၄ ဦး၊ မ ၄ ဦး) သေဆုံးခဲ့ပြီး ဒေသခံနှင့် စစ်ဘေးရှောင် ပြည်သူ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် ပြည်သူ့နေအိမ် အလုံး ၂၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ကာ နေအိမ်အချို့မှာ မီးလောင်ပြာကျသွားခဲ့သည်။

ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ်သည် ရှုံးမဲမဲသည့်အနေဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူ လူထုအပေါ် သူရဲဘောကြောင်စွာ နေ့ညမရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် CPU ထိန်း ချုပ်နယ်မြေအတွင်းရှိ ဒေသခံများအနေဖြင့် လေကြောင်းရန်ကို အထူးဂရုစိုက်ကြရန် CPU/CPA က အသိပေး ထားသည်။

မင်းတပ်ဒေသခံတစ်ဦးကလည်း “ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းကို ခါတိုင်းထက် ပိုသတိ ထားကြဖို့၊ လူစုလူဝေးရှောင်ဖို့နဲ့ မပေါ့ဆကြဖို့ လိုအပ်တယ်” ဟု ပြောသည်။

အပြစ်မဲ့ အရပ်သားပြည်သူများကို ဦးတည်သည့် ယခုကဲ့သို့ လူမဆန်သော အကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံ ပြည်သူများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ရှုတ်ချကြောင်း မင်းတပ်မြို့နယ်၊ တိုက်နယ်-၂ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး မိမိတို့ ပြည်သူ၊ အသက်အိုးအိမ်နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များ ကို အစွမ်းကုန် ကာကွယ်သွားမည်ဟု CPU/CPA က ဆိုသည်။

မင်းတပ်နှင့် ကန်ပက်လက်မြို့တို့တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်စကြောင်း များနှင့် CPA မဟာမိတ်ပူးပေါင်းတပ်များအကြား မေလလယ်မှစတင်၍ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိရာ တော်လှန်ရေး ပူးပေါင်းတပ်များက စစ်တပ်၏ ထိုးစစ်များကို ခုခံဟန့်တားထားနိုင်သည်။

စစ်မြေပြင်တွင် အခြေအနေမကောင်းသော စစ်အုပ်စုတပ်သည် တိုက်လေယာဉ်၊ Y-12 လေယာဉ်များဖြင့် အရပ်သား ပစ်မှတ်များဖြစ်သည့် လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံများနှင့် ဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိရာ ချင်းတောင်ပိုင်း ထိုးစစ်ကာလ အတွင်း မင်းတပ်နှင့် ကန်ပက်လက် အပါအဝင် CPU/CPA ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ထက်မနည်း ပြုလုပ်ခဲ့သည်။

September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...
ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)
August 31, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...