မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်ထံမှ သိရသည်။
ဩဂုတ်လ ၃၁ ရက် နံနက် ၆ နာရီ ၄၆ မိနစ်တွင် နတ်မောက်မြို့နယ်၊ လဲဘူရွာသို့ ဝင်ရောက်ခဲ့သည့် အဆိုပါ စစ်အုပ်စုတပ်စစ်ကြောင်းသည် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ပြီးနောက် လျှော်ချောင်းလေး ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာစဉ် ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ် တာဝန်ရှိသူတစ်ဦးက “သူတို့ သွားနိုင်မယ့် နေရာတွေကို ကြိုတင်မိုင်းဆင်ခဲ့တာပါ။ သေဆုံးဒဏ်ရာရတဲ့သူတွေ သယ်ဆောင်တဲ့အချိန်မှာ မြင်တွေ့ခဲ့ကြပါတယ်။ သူတို့ ပြန်လည်ဆုတ်ခွာတဲ့ လမ်းပိုင်းတလျောက်အနီးမှာ ကျနော်တို့ရဲဘော်တွေရှိ နေပါတယ်” ဟု ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကြောင်းမှာ ဆက်လက်ချီတက်နိုင်ခြင်း မရှိတော့ဘဲ သေဆုံးသူများနှင့် ဒဏ်ရာ ရရှိသူများကို ထမ်းစင်များဖြင့် လျှော်ချောင်းလေးရွာဘက်သို့ ပြန်လည်သယ်ဆောင်သွားခဲ့ကြသည်။
ထို့နောက် ဒေသခံများပိုင် နွားလှည်း ၁၃ စီးကို အဓမ္မခေါ်ဆောင်ကာ ထမ်းစင် ၅ ခုနှင့် လူချင်းသယ်ဆောင်မှု ၂ ခု ဖြင့် ဆက်လက်သယ်ယူခဲ့ပြီး နတ်မောက်မြို့မှ ကြိုတင်မှာယူထားသည့် ကား ဓာတ်ပုံနှင့် သုံးဘီးများဖြင့် သေဆုံး/ဒဏ်ရာရရှိသူများကို ဆက်လက်သယ်ဆောင်သွားခဲ့ကြသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီး မြေပြင်ရှင်းလင်းရေး ပြုလုပ်ရာတွင် စစ်အုပ်စုတပ်၏ သွေးကွက်များနှင့် ကျန်ရစ်ခဲ့ သည့် အသုံးအဆောင်ပစ္စည်းများကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်အုပ်စုတပ် စစ်ကြောင်းများသည် လမ်းမကြီးများအစား တောတောင် လမ်းကြောင်းများမှ စစ်ကြောင်းလှုပ်ရှားလာနေပြီး ယခုတိုက်ခိုက်မှုမှာလည်း စစ်ကြောင်းရှောင်ကွင်း အသုံး ပြုသည့် တောတွင်းလမ်းကြောင်း၌ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဦးစီးတပ် တာဝန်ရှိသူ က ဆက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် နွားလှည်းများနှင့် ပိုင်ရှင်များမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး လက်ရှိတွင် စစ်အုပ်စုတပ်သည် ကမ်းပြိုရွာအနီး၌ တပ်စွဲထားသည်။
ထို့ကြောင့် စစ်အုပ်စုတပ် စစ်ကြောင်းများ လှုပ်ရှားရာ လမ်းကြောင်းများနှင့် နီးစပ်သည့် နေရာများတွင် လုံခြုံရေး အထူးဂရုစိုက်၍ သွားလာနေထိုင်ကြရန် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က သတိပေး ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ချောင်းဆုံနှင့် ကန်နှစ် ဆင့်ရွာအကြားတွင် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ပဒေသာမိုင်း ၈ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ် သား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက် အရ သိရသည်။







