စစ်မှုထမ်းကြေး ကောက်ခံမှုကြောင့် မွန်နှင့် ကရင်ဒေသခံများ ငွေကြေး ဝန်ထုတ်ဝန်ပိုးဖြစ်နေ

စစ်မှုထမ်းကြေး ကောက်ခံမှုကြောင့် မွန်နှင့် ကရင်ဒေသခံများ ငွေကြေး ဝန်ထုတ်ဝန်ပိုးဖြစ်နေ

စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင် ဒေသခံများအတွက် ငွေကြေး ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည့်အပြင် ခြိမ်းခြောက် ခွဲခြားဆက်ဆံခံရမှုများနှင့်အတူ ဒေသခံများနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များကြား ငွေကြေးဆိုင်ရာ တင်းမာမှု ပိုမို ကြီးထွားလာနေသည်။

စစ်အုပ်စုတပ်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်းပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများကို သင်တန်းတက်ရောက်ရန် စတင် ခေါ်ယူခဲ့သည်။

ထိုသို့ ခေါ်ယူမှုကြောင့် အသက်အကျုံးဝင်သည့် လူငယ်အချို့ စစ်မှုထမ်းရန် ရှောင်ရှားကြရသဖြင့် မွန်ပြည် အတွင်း မြို့နယ်အများစုတွင် ကျေးရွာအလိုက် အလှည့်ကျသူများအစား လူစားထိုး ရှာဖွေပေးရသည့် အခြေ အနေများ ပေါ်ပေါက်လာခဲ့သည်။

လူအစားထိုး ရှာရန် ကုန်ကျသည့် ငွေကြေးအပြင် စစ်မှုထမ်း သင်တန်းတက်ရန်အတွက် လစဉ် ပေးဆောင်ရ သည့် ငွေကြေးများကိုလည်း ကျေးရွာအတွင်းရှိ ဒေသခံများက စုပေါင်း ပေးဆောင်နေကြရသည်။

“စစ်မှုထမ်းဖို့ တခါခေါ်ရင် တခါပေးရတယ်။ ပြီးတော့ လစဉ်လည်း တခါတလေပေးရတယ်။ ဒီဘက်မှာတော့ သတ်မှတ်ထားတာ မရှိဘူး။ ပေးနိုင်သလောက် ပေးပေါ့လေ၊ စစ်မှုထမ်းသွားဖို့ ကိုယ့်ရွာက ခလေးတွေကို မသွား စေချင်တော့ ထည့်ရတာပဲပေါ့” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ရွာအတွင်းရှိ နေအိမ် အရေအတွက် အနည်းအများအပေါ် မူတည်၍ တစ်ရွာနှင့်တစ်ရွာ ပေးဆောင်ရသည့် ငွေကြေး ပမာဏလည်း မတူညီပေ။

ယခင်က လူအစားထိုး ငှားရမ်း တက်ရောက်ပေးမည့် လူတစ်ဦးလျှင် ကျပ် ၁၅ သိန်းဝန်းကျင် ပေါက်ဈေးမှ ကျပ် သိန်း ၁၀၀ ဝန်းကျင်အထိ ရှိလာသည်ဟု ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များက ပြောဆိုလာသဖြင့် လစဉ် ပေးဆောင် ရသည့် စစ်မှုထမ်းကြေးသည်လည်း ကျပ် ၅၀၀၀ နှင့် ၁၀၀၀၀ ဝန်းကျင်မှ လက်ရှိတွင် ကျပ် ၃၀,၀၀၀ ဝန်းကျင် အထိ ပေးဆောင်လာရကြောင်း ဒေသခံများက ပြောသည်။

ထိုအခြေအနေကြောင့် အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုများ ငွေကြေး ဝန်ထုတ်ဝန်ပိုး ပိုမို ဖြစ်လာခဲ့ ကြသည်။

ကျိုက်မရောဒေသခံတစ်ဦးက “လတိုင်းလတိုင်း တိုးလာတော့ ကြာလာရင် အဆင်မပြေတော့ဘူး။ မရှိ ရှိတဲ့ ကြားကပဲ ပေးနေရတာလေ။ ကုန်ဈေးနှုန်းတွေကလည်း တက်နေတာနဲ့ စားဝတ်နေရေးကတစ်ဖက်၊ အခု ဒီစစ်မှုထမ်း အတွက်ကလည်း တာဝန်တစ်ခုလိုဖြစ်နေပြီး” ဟု ပြောသည်။

စစ်အုပ်စုတပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက်အကျုံးဝင်သည့် လူငယ်များကို ခေါ်ယူမှုများ ဆက်လက် ရှိနေသရွေ့ လူအစားထိုး ငွေကြေး ကုန်ကျစရိတ်များလည်း လစဉ်လတိုင်း ဆက်လက် ရှိလာနိုင်ကြောင်း ဆို သည်။

သို့သော် အခြားဒေသမှ ရွှေ့ပြောင်းလုပ်သားများကို ငွေကြေးပေး၍ လူစားထိုး ငှားရမ်းနိုင်ခဲ့ခြင်းကြောင့်သာ ဒေသခံ ကျေးရွာလူငယ်များ စစ်မှုထမ်း သင်တန်းတက်ရမည့် အခြေအနေမှ ကင်းလွတ်ခွင့် ရရှိခဲ့ခြင်းဖြစ် ကြောင်း မုဒုံမြို့နယ် အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အချို့တွေကလည်း သူ့စိတ်နဲ့သူ သွားတာက အယောက် ၁၀၀ မှာဆိုရင် တစ်ယောက်လောက်ပဲ ရှိမယ်ထင် တယ်။ အထူးသဖြင့် ရွာက မူးယစ်ယမ်းကားတဲ့သူတွေ၊ ရွှေ့ပြောင်းအလုပ် သမားတွေ သွားကြတယ်။ သူတို့သွား ဖို့ကလည်း ပိုက်ဆံပေးရတယ်လေနော်” ဟု မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

သို့သော် ဒေသခံများထံမှ ကောက်ခံထားသည့် စစ်မှုထမ်းကြေးများအတိုင်း အစားထိုး တာဝန်ထမ်းဆောင် သူများထံ အမှန်တကယ် ပေးဆောင်ခြင်း ရှိ၊ မရှိနှင့် ငွေစာရင်းရှင်းတမ်းများ လုပ်ဆောင်ခြင်းလည်း မရှိပေ။

အုပ်ချုပ်ရေးမှူးများ လစဉ် ကောက်ခံနေသည့် စစ်မှုထမ်းကြေးများမှာ ပွင့်လင်းမြင်သာမှု မရှိဘဲ မေးခွန်းထုတ် စရာ ဖြစ်နေပြီး စစ်အုပ်စုတပ် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များအတွက် ငွေဝင်ပေါက်တစ်ခုသဖွယ် ဖြစ်လာ နေသည်။

တစ်ဖက်တွင်မူ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် မရေရာသော အနာဂတ်ကို ရင်ဆိုင်နေရသည့် သာမန် ဒေသခံပြည်သူ များ အတွက်မူ ထိုစစ်မှုထမ်းကြေး ကုန်ကျစရိတ်များသည် ပုံမှန် စားဝတ်နေရေးအပြင် ထပ်မံ ပခုံးထမ်းထားရ သည့် အဓိက ငွေကြေး ဝန်ထုတ်ဝန်ပိုးတစ်ရပ် ဖြစ်လာနေသည်။

ဓာတ်ပုံ - (ပုံဟောင်း / Crd)

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်...
ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...