မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း ချက်ပြုတ်ရန် မအားလပ်ချိန်မှသာ အလွယ်တကူ ပြုတ်စားကြသည့် အစားအစာ ဖြစ်သည်။
သို့သော် ကချင်ပြည်မှ မိသားစုအချို့အတွက်မူ ယခုအခါ အဆိုပါအခြေအနေ မဟုတ်တော့ပေ။
မြင့်တက်လာသည့် ကုန်ဈေးနှုန်းနောက်သို့ မလိုက်နိုင်တော့သဖြင့် ရှင်သန်ရေးအတွက် ခေါက်ဆွဲခြောက်များကို ဟင်း အစားထိုး စားသုံးလာကြရခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့တွင် နေထိုင်သည့် မိသားစုဝင် ငါးဦးရှိသော အိမ်ရှင်မတစ်ဦးဖြစ်သူ မဇာဇာက အရင်တုန်းက သူတို့မိသားစု၏ ထမင်းဝိုင်းတွင် ဟင်းအမယ် လေး၊ ငါးမျိုး ပါလေ့ရှိခဲ့ကြောင်း ပြောဆိုသည်။
ကုန်ဈေးနှုန်းများ ကြီးမြင့်လာပြီးနောက် ထမင်းဝိုင်း၌ အရွက်ကြော်တစ်ခွက်နှင့် ပဲဟင်းရည်တစ်ခွက် ပါပါက အသားဟင်း မပါတော့ကြောင်း၊ အရွက်ကြော်နှင့် ပဲဟင်းရည် မပါမှသာ အသားအချို့ ချက်နိုင်တော့ကြောင်း ဆိုသည်။ “အခုက အမယ်မစုံနိုင်တော့ဘူး” ဟု မဇာဇာက ဆိုသည်။
၎င်းတို့ မိသားစုနေထိုင်သည့် ရပ်ကွက်တွင် ကြက်ဥတစ်လုံးလျှင် ကျပ်တစ်ထောင်နှင့်အထက် ရှိသကဲ့သို့ ခရမ်းချဉ်သီး အသေးတစ်လုံးကို ကျပ်တစ်ထောင်ခန့် ဈေးပေါက်နေသည့်အပြင် ကုန်ဈေးနှုန်းများသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာနေသည်။
“ရှေ့လတွေက နှစ်သောင်းဆိုရင် ဟင်းတစ်နပ်တော့ စားရတယ်။ အခုဒီနောက်ပိုင်းက မလောက်တော့ဘူး” ဟု မဇာဇာက ပြောသည်။
၎င်းတို့ဒေသတွင် တစ်နေ့စာ လုပ်ခလစာ ကျပ်နှစ်သောင်းခွဲ ရှိသော်လည်း အဆိုပါ နေ့စားခ ကျပ်နှစ်သောင်းခွဲမှာ ထမင်းတစ်နပ်စာအတွက်သာ အဆင်ပြေသည့် အခြေအနေ ဖြစ်သွားခဲ့ရသည်။
တစ်ခါတစ်ရံ ခေါက်ဆွဲခြောက်ထုပ်များနှင့်သာ အဆင်ပြေသလို ကျော်ဖြတ်လိုက်ရသည့် နေ့များမှာလည်း လက်ချိုးရေတွက်၍ မရတော့ကြောင်း မဇာဇာက ဆိုသည်။
မြစ်ကြီးနားမြို့၌ အသင့်စား မာမီးခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ကျပ်တစ်ထောင့်ငါးရာ၊ ချဉ်စပ် အသင့်စား ခေါက်ဆွဲထုပ်များမှာ အမျိုးအစားအလိုက် ကျပ်တစ်ထောင်ကျော်မှ နှစ်ထောင့်ငါးရာအတွင်း ရှိနေသည်။
ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မူ ဒီထက် ပိုမိုဈေးမြင့်တက်နိုင်သည်။
မြစ်ကြီးနား ဒေသခံများကမူ ၎င်းတို့မြို့တွင် နံနက်၊ နေ့လယ်နှင့် ညစာအပါအဝင် တစ်နေ့လျှင် အနည်းဆုံး ကျပ်ငါးသောင်းခန့် ရှိမှသာ အဆင်ပြေကြောင်း ဆိုကြသည်။
ယခု ဩဂုတ်လကို အာဟာရမြှင့်တင်ရေးလ (Nutrition Promotion Month) အဖြစ် သတ်မှတ်ထားကြသည်။
နေ့စဉ် စားသုံးသည့် အစားအစာများတွင်လည်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ အသား နှင့် ငါးများကို မျှမျှတတ စားသုံးပေးရန် အရေးပါသည်။
အာဟာရမျှတသည့် အစားအစာများသည် ကလေးငယ်များ ကျန်းကျန်းမာမာဖြင့် ကြီးထွားဖွံ့ဖြိုးစေရန် အရေးပါ သကဲ့သို့ လူကြီးများအတွက်လည်း ကျန်းမာရေးကို အထောက်အကူပြုသည်။
သို့သော် ကုန်ဈေးနှုန်း မြင့်တက်နေသည့် ဒီကာလတွင် စုံစုံလင်လင် စားသုံးနိုင်ရန်မှာ အရင်ကထက် ပိုမိုခက်ခဲလာ ပြီး အဓိကအားဖြင့် ဝင်ငွေနည်း မိသားစုများ ပိုမိုအခက်တွေ့နေရသည်။
အသက် ခြောက်လကျော် ကလေးမွေးဖွားထားသည့် မိခင်များဆိုပါက လက်ရှိ ကုန်ဈေးနှုန်းဖြင့် ကလေး ဆန်ပြုတ်ကဲ့သို့ ဖြည့်စွက်စာများတွင် ထည့်ကျွေးရမည့် အသီးအနှံများကို စုံလင်စွာ ထည့်ပေးနိုင်မည် မဟုတ် ကြောင်း မဇာဇာက အတွေ့အကြုံနှင့်ယှဉ်၍ ပြောဆိုသည်။
တနိုင်းမြို့မှ တစ်နှစ်ဝန်းကျင်အရွယ် ကလေးရှိသည့် မိခင်တစ်ဦးကလည်း ကုန်ဈေးကြီးမြင့်မှုကြောင့် အာဟာရ ရှိသည်များကို စီစဉ်ပေးနိုင်ရန် “ကလေးတွေကို လုပ်ကျွေးမယ်ဆိုလည်း ပစ္စည်းတွေက ဈေးကြီးလို့ သေချာ မလုပ်ကျွေးနိုင်ဘူး။ အရမ်းခက်သွားပြီ” ဟု ပြောသည်။
ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်ခုနှစ်ထောင်မှ တစ်သောင်းကြား၊ ထောပတ်သီး အလုံးသေးတစ်လုံးလျှင် ငါးထောင်နှင့် ကန်စွန်းဥ တစ်ပိဿာလျှင် ကျပ်နှစ်သောင်းဝန်းကျင် ရှိနေပြီး ကလေး ဖြည့်စွက်စာ ဆန်မှုန့်များ လည်း ဈေးနှုန်း မြင့်တက်လျက်ရှိသည်။
“ငွေနည်းနည်း ရှိတာနဲ့တော့ ဘာမှဝယ်ကျွေးလို့မရဘူး” ဟု အဆိုပါ ကလေးမိခင်က ဆိုသည်။
တနိုင်းမြို့တွင် နေ့စားခမှာ တစ်ရက်လျှင် နေ့လယ်စာ ပါ ပါက ကျပ်နှစ်သောင်း၊ နေ့လယ်စာ မပါ ပါက နှစ်သောင်းခွဲသာ ရရှိပြီး ဒေသတွင်း တောက်လျှောက် မြင့်တက်နေသည့် ကုန်ဈေးနှုန်းများကြား ဝင်ငွေနည်း မိသားစုများ အတွက် ဝမ်းဝရုံမျှ စားဝတ်နေရေး အသုံးစရိတ်ကို ခြိုးခြံချွေတာနေကြရသည်။
တစ်နေ့ထက်တစ်နေ့ မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်း မည် သည့်အရာမဆို အလွယ်တကူ လက်လှမ်းမီရန် ခက်ခဲလာသည့် အခြေအနေ၊ ဝင်ငွေနှင့် ထွက်ငွေ မမျှတသည့် အခြေအနေများကြောင့် နေ့စဉ် လိုအပ်သည့် အာဟာရရှိသော အစားအစာများကို ဦးစားပေးရန် ခက်ခဲလာသည်။
အသက် နှစ်နှစ်အောက် ကလေးငယ်များသည် အာဟာရချို့တဲ့မှုဒဏ်ကို ရေရှည်ခံစားရပါက နောက်ဆက်တွဲ အနေဖြင့် ပြန်လည်ကုစားရန် မဖြစ်နိုင်တော့သည့် ရုပ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်အာရုံကြော (သိမှုစွမ်းရည်) ဖွံ့ဖြိုး မှု နှောင့်နှေးခြင်းများ ကြုံတွေ့ရနိုင်သည့်အပြင် အသက်အန္တရာယ်ပါ ဆုံးရှုံးနိုင်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။
ထို့ပြင် သာတူညီမျှ ရှိရမည့် အာဟာရပြည့်ဝသည့် အစားအစာ၊ ဘေးကင်းလုံခြုံမှု၊ ပညာသင်ကြားခွင့်နှင့် အစဉ် မပြတ် ရရှိရမည့် ကာကွယ်စောင့်ရှောက်မှုများသည်လည်း ယနေ့ခေတ် ကလေးငယ်များနှင့် မိသားစုအများစု အတွက် လက်လှမ်းမီနိုင်သည့် ပမာဏထက် ကျော်လွန်နေကြောင်း UNICEF က ဆိုသည်။
တစ်ဖက်တွင်လည်း ဆား၊ သကြားနှင့် အဆီများသည့် အစားအစာများ၊ အချိုရည်နှင့် တာရှည်ခံအောင် ပြုပြင် ထုတ်လုပ်ထားသည့် အစားအစာများကို လျှော့ချ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တိုက်တွန်းထားသည်။
သို့သော် ကချင်ပြည်အပါအဝင် မြန်မာနိုင်ငံမှ ပြည်သူများအတွက်မူ ယင်းမှာ လိုက်နာဆောင်ရွက်ရန် ခက်ခဲသည့် တိုက်တွန်းချက်များ ဖြစ်မှန်းမသိ ဖြစ်နေရတော့သည်။
(မိုင်းနီ ရေးသည်)







