မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော် ယာယီပိတ်ထားရကြောင်း ဒေသခံများနှင့် ရေဘေးအကူအညီ ပေးနေသူများက ပြောသည်။
မိုးအဆက်မပြတ် ရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာခြင်းကြောင့် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ကျိုက်မရော မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရေကြီးရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောင်းများအပါအဝင် အခြေခံပညာ စာသင်ကျောင်း ပေါင်း ၂၀ ကျော်ကို ယာယီပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။
“ကျောင်းထားလိုက်ပြီ၊ ၂၄ ရက်နေ့ကတည်းက ပိတ်ထားတယ်။ ခုံတွေ အရေးကြီးစာရွက်စာတမ်းကိုလည်း ရေလွတ်ရာကို ရွှေ့ပြောင်းထားတယ်” ဟု ဦးလေးကျေးရွာခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျိုက်မရောမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ရှင်စောပု၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရန်မျိုးအောင်နှင့် ဦးလေး၊ ဘိန်းဗျော၊ လမုခို၊ ဖာသိမ်ကမ်းနား၊ ပေါလောကုန်း၊ ပန်းကုန်း၊ ငပြေမ၊ မယ်ကရို၊ နိတုံ၊ ကတုံစိ၊ ကွာငန်၊ လှကဇိုင်း၊ ကျိုက်ပရန်၊ ကော့ဝမ်း၊ ကြခတ်ကုန်း အစရှိသည့် ရပ်ကွက်နှင့် ကျေးရွာ ၂၀ ထက်မနည်းတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။
အတ္ထရံမြစ်ရေ ဆက်လက် မြင့်တက်နေသည့်အတွက် မြစ်ကမ်းအနီး နေထိုင်သူများမှာ ယာယီ ရေဘေးကယ် ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေကြရသည်။
ရေဘေးသင့် ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် အလှူရှင်များက သောက်သုံးရေ၊ အစားအသောက် များ လာရောက်လှူဒါန်းပေးနေသော်လည်း အချို့အလှူရှင် မရောက်ရှိသေးသည့် ကျေးရွာများလည်း ရှိနေသေး သည်။
“ရေက တော်တော်တက်လာတယ်။ နှစ်ထပ်အိမ်ဆိုရင် အောက်ထပ် လုံးဝမြုပ်သွားတယ်။ အကူအညီတော့ တချို့နေရာ ရောက်တယ်။ တချို့ အကူအညီမရောက်သေးတဲ့ ရွာတွေလည်း ရှိတယ်။ ရေက ကျသွားတာ မရှိဘူး။ ရက်ကြာလာရင် အခက်အခဲဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ အတ္ထရံမြစ်ရေ လျှံတက်မှုကြောင့် ကျိုက်မရောမြို့ အနိမ့်ပိုင်း ရပ်ကွက်နှင့် ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိရာ ရက်ရှည်ကြာမြင့်လေ့ရှိသဖြင့် ဒေသခံများ၏ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရလျက်ရှိသည်။
ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းများ ရေနစ်မြုပ်နေသည့် မြင်ကွင်း / CJ)







