စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား ရောက်ခဲ့သည့် ခရီးစဉ်အတွင်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးနှင့် ကုလားတန် ဘက်စုံသုံး ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စီမံကိန်းများကို အမြန်ဆုံး အပြီးသတ်ရန် ဆွေးနွေးခဲ့ပြီးနောက် မြေပြင် တွင် စစ်ကြောင်းထိုးကာ နယ်မြေထိန်းချုပ်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် မဟာမိတ်တပ်များက နှစ်နှစ်ကျော် ထိန်းချုပ်ထားခဲ့သည့် အိန္ဒိယ-မြန်မာ နယ်စပ်လမ်းပိုင်းကို ဇွန်လ ၇ ရက်မှစ၍ စစ်အုပ်စုတပ်က အင်အားထောင်ချီ အသုံးပြုကာ လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများဖြင့် တမူးနှင့် ကလေးမြို့ဘက်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
“သူတို့ထိန်းချုပ်နိုင်တယ်ဆိုတာက လမ်းမကြီးနဲ့ ဘေးက စခန်းတွေပါ။ နယ်မြေထဲမှာတော့ PDF နဲ့ မဟာမိတ် တွေက ရှိသေးတယ်။ လွယ်လွယ်နဲ့တော့ ကုန်သွယ်ရေးလမ်းက ပွင့်သွားမယ်တော့ ပြောလို့မရနိုင်ဘူး” ဟု နယ်စပ်ကုန်သွယ်ရေးကို စောင့်ကြည့်နေသည့် ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ် ထိန်းချုပ်ခဲ့သည့် တမူး-ကလေးလမ်းပိုင်းမှ တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် နန်မွန်းတား တံတားနှင့် တွီးဗန်တံတားတို့ကို ပြုပြင်နေပြီး မည်သည့်အချိန်တွင် ပြီးစီးမည်ကို အတိအကျ မပြောနိုင်သေး ကြောင်းလည်း ၎င်းက ဆိုသည်။
လမ်းနှင့် တံတားများ ပြင်ဆင်ပြီးစီးခဲ့သော်လည်း တိုက်ပွဲများအတွင်း အများပြည်သူ ထိခိုက်မှုမရှိစေရန် ဆုတ်ခွာ ပေးခဲ့သည့် နယ်မြေကျွမ်းကျင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဆန္ဒသဘောတူညီမှု မရှိပါက တိုက်ပွဲ များ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သဖြင့် ကုန်သွယ်ရေး အဆင်ပြေမည်မဟုတ်ကြောင်း ဒေသခံက ပြော သည်။
လတ်တလောတွင် ကလေးမြို့မှ ခါမ်းပါတ်မြို့အထိ ခရီးသည်နှင့် ကုန်တင်ကားများ သွားလာနိုင်ပြီး ကမ္မကြီးမှ တစ်ဆင့် ဆိုင်ကယ်ဖြင့် အိန္ဒိယနိုင်ငံအတွင်းမှ ကွင်း၍ တမူးသို့ သွားရောက်နေရသည်။
စစ်အုပ်စုတပ်က ထိန်းချုပ်ခဲ့သည့် လမ်းပိုင်းနှင့် အထိုင်ချနေရာများတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်နေရာ များကို အထူးရဲကွန်မန်ဒိုများဖြင့် အစားထိုးလျက်ရှိပြီး နယ်မြေရှင်းလင်းရေးနှင့် ကျေးရွာများတွင် ပြည်သူ့စစ် (ပျူစောထီး) တပ်ဖွဲ့များ ဖွဲ့စည်းရန် လုပ်ဆောင်နေကြသည်။
အဆိုပါ အာရှလမ်းမပေါ်ရှိ တမူး-ကလေးမြို့ လမ်းပိုင်းအပြင် ကလေး-ယာကြီး-မုံရွာ လမ်းပိုင်းရှိ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများကိုလည်း စစ်အုပ်စုတပ်က တကျော့ပြန် စစ်ကြောင်းထိုး လာနေသည်။
ပထမအကြိမ် ဇွန်လ ၂ ရက်မှစ၍ စစ်ကြောင်းထိုးလာခဲ့ပြီး ဇူလိုင်လ ၇ ရက်တွင် အဆိုပါ လမ်းပိုင်းကို ထိန်းချုပ် နိုင်ခဲ့ကြောင်း စစ်အုပ်စုဘက်က ထုတ်ပြန်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်ကမူ ‘တကြောင်းထိုး အမြန် ပြေး ဓာတ်ပုံရိုက်’ သည့် စစ်ကြောင်းသာ ဖြစ်ကြောင်းနှင့် နယ်မြေကို ၎င်းတို့က ပြန်လည်စိုးမိုးထားကြောင်း မဇ္ဈိမသို့ ပြောဆိုထားသည်။
အရှည် ၁၁၅ မိုင်ရှိသည့် အဆိုပါလမ်းပိုင်းကို ဩဂုတ်လ ၁၅ ရက်မှစ၍ ကလေးဝနှင့် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဘက်မှ စစ်ကြောင်းနှစ်ကြောင်း ထိုးလာလျက်ရှိသည်။
ကလေးဝဘက်မှ အင်အား ၄၀၀ ခန့်ရှိသည့် စစ်ကြောင်းသည် မင်းကင်းမြို့နယ် တောင်တွင်းချောင်အနီးတွင် ရောက်ရှိနေပြီး မုံရွာဘက်မှ အင်အား အတည်ပြုဆဲ စစ်ကြောင်းမှာ ကနီမြို့နယ် ချောင်းမတွင် ရှိနေသည်။
PDF စစ်ရေးတာဝန်ရှိသူတစ်ဦးက “ထိတွေ့မှု ကြီးကြီးမားမား မရှိသေးဘူး။ အခြေအနေကို စောင့်ကြည့်နေဆဲ မျိုးပါ။ ထိုင်မှာလား အရင်လို တကြောင်းထိုး ထိုးသွားမှာလာဆိုတာ စောင့်ကြည့်နေရတယ်” ဟု ပြောသည်။
အကယ်၍ စခန်းထိုင်ခြင်းနှင့် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ပါက တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး စစ်အုပ် စုတပ်ဘက်က လေယာဉ်အသုံးပြုမှုအပြင် ဂျိုင်ရိုကော်ပတာများပါ အသုံးပြုလာနိုင်ကြောင်းလည်း ၎င်းက ပြော သည်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းကို အိန္ဒိယက ဦးဆောင်ကာ ရူပီး ၁၂ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ တမူး-ကလေး-ကလေးဝ-မင်းကင်း-ယာကြီး-ကနီ-မုံရွာ-မန္တလေး-မိတ္ထီလာ-နေပြည်တော်-ပဲခူး-မြဝတီ လမ်းမကြီး အတိုင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့သို့ ဆက်သွယ်သွားမည် ဖြစ်သည်။
အဆိုပါလမ်းမကြီး စီမံကိန်းအတွက် ဇူလိုင်လ ၂၆ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ သိမ့်ဟိုတယ်ခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ အဘ်ဟေး တာကူးရ်၊ စစ်အုပ်စုခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးကိုလေး တို့သည် ဌာနဆိုင်ရာဝန်ထမ်းများ၊ အိန္ဒိယလမ်းလုပ်သားများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။







