စစ်ရေးတင်းမာမှုကြောင့် ပူတာအိုသို့ စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာ

စစ်ရေးတင်းမာမှုကြောင့် ပူတာအိုသို့ စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာ
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)

ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ပူတာအို မြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ဦးရေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ နေသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစ၍ ရှိန်းခေါင်ကျေးရွာ အနောက်ဘက် အမတ်ပေါ်ဒေသ၊ မြန်မာ–တရုတ်နယ်စပ် မှတ် တိုင်အမှတ် (၃၀) အနီးနှင့် အဆိုပါ ဒေသတစ်ဝိုက်တွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများသည် ပူတာအိုမြို့ဘက်သို့ နေ့စဉ် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ပူတာအိုမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “လာကြတယ်။ မနေ့ကလည်း ရောက်လာတဲ့သူတွေရှိတယ်။ တစ်နေ့တစ်နေ့ ဧည့်စာရင်းလာတိုင်ရင် အဲဒီဘက်က စစ်ရှောင်လာတဲ့သူတွေက အများဆုံးပဲ။ တစ်နေ့ကို ၁၀ ယောက်လောက်တော့ လာတယ်။ တိုက်ပွဲဖြစ်နေတာ မရပ်သေးတော့ နေလို့မရဘူးဆိုပြီး ဒီဘက်ကို ရွှေ့လာကြ တာ။ ဒီနေ့အထိဆိုရင် ကျနော်တို့ရပ်ကွက်တစ်ခုတည်းမှာ ၈၀ ကျော်၊ ၁၀၀ နီးပါး ရှိပြီ” ဟု ပြောသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသူများတွင် အမတ်ပေါ်ကျေးရွာနှင့် မြန်မာ–တရုတ်နယ်စပ် မှတ်တိုင်အမှတ် (၃၀) အနီးရှိ ရွာငယ်များ၊ လန်ဆယ်နှင့် ခေါင်လန်ဖူးကြားရှိ ကျေးရွာများ ပါဝင်သလို ရှိန်းခေါင်ကျေးရွာမှ အချို့ ဒေသခံများလည်း ကြိုတင် တိမ်းရှောင်လာကြသည်။

၎င်းအုပ်ချုပ်ရေးမှူးက “အဓိကတော့ အမတ်ပေါ်လို့ပဲ ခေါ်ကြတယ်။ အဲဒီဘက်က တစ် ချို့ဆို ရွာနာမည် မပေါက်ဘူး။ ဟိုနားတစ်စု၊ ဒီနားတစ်စု စုနေကြတဲ့ ရွာလေးတွေများတယ်။ အဲဒီလိုရွာတွေက ရှောင်လာကြ တယ်။ နောက်ပြီး တိုက်ပွဲဖြစ်နေတဲ့ ခေါင်လန်ဖူးနဲ့ လန်ဆယ်ကြားက ရွာတွေလည်း ပါတယ်” ဟု ဆက် ပြော သည်။

ဇူလိုင် ၁၀ ရက်နေ့မှစ၍ ပူတာအိုမြို့ဘက်သို့ စစ်ဘေးရှောင်လာကြသူ ဦးရေမှာ လက်ရှိတွင် ၅၀၀ နီးပါးအထိ ရှိလာပြီဖြစ်သည်။ အဆိုပါ လူဦးရေထဲမှ ၂၀၀ ကျော်ကို ရဝမ်ရိုးရာကွင်း၌ နေရာချထားပေးပြီး ကျန်ရှိသူများ သည် ဆွေမျိုးနှင့် အသိမိတ်ဆွေများ၏ နေအိမ်များတွင် ယာယီ ခိုလှုံနေကြသည်။

ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက “စစ်ရှောင် ၂၀၀ ကျော်ကိုတော့ ရဝမ်ရိုးရာကွင်းမှာ နေရာချပေးထားတယ်။ နောက်ထပ် ထပ်တိုးလာတာလည်းရှိတော့ အဲဒီထက်မကတော့ဘူး။ တချို့က ဆွေမျိုးတွေနဲ့ အသိတွေဆီမှာ နေ ကြတယ်။ အဲဒီလူတွေကိုတော့ အသင်းတော်တွေကနေ စာရင်းယူထားတယ်။ ကူညီပေးဖို့ သိရသလောက် ၅၀၀ လောက်တော့ ရှိနေလောက်ပြီ” ဟု ပြောသည်။

လက်ရှိ စစ်ဘေးရှောင်များအား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ခရစ်ယာန်အသင်းတော်များနှင့် လူမှုကူညီရေးအဖွဲ့ များက ဦးဆောင်၍ စားနပ်ရိက္ခာနှင့် အခြေခံ လိုအပ်ချက်များကို ကူညီပေးလျက်ရှိသည်။

ထို့ပြင် လန်ဆယ်ဘက်တွင် တိုက်ပွဲကြီးများ မဖြစ်ပွားသေးသော်လည်း နှစ်ဖက် စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေ သလို စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ပြည်သူ့စစ်ပူးပေါင်းတပ်ဘက်မှ အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှု များ ပုံမှန်ပြုလုပ်နေကြောင်း ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတာဝန်ရှိသူက “လောလောဆယ် တိုက်ပွဲကတော့ မဖြစ်ဘူး။ သူတို့ဘက်က စစ်ကြောင်းထိုးတာရှိတယ်။ နောက်ပြီး မှတ်တိုင် ၃၀ နားက ရွာတွေနဲ့ လန်ဆယ်နဲ့ မှတ်တိုင် ၃၀ ကြားက ရွာတွေကို အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတာတွေတော့ ရှိနေတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ပြည်သူ့စစ်တို့သည် ခေါင်လန်ဖူးမြို့၌ ခြေကုပ်ယူပြီး လန်ဆယ်နှင့် မှတ်တိုင်အမှတ် (၃၀) ဘက်သို့ စစ်အင်အား ဖြည့်တင်းနေသလို ဒေသခံများအား အတင်းအကျပ် ခေါ်ယူ၍ ရှေ့တန်း စစ်မြေပြင် အတွက် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ပို့ခိုင်းနေသဖြင့် ပြည်သူများ နေရပ်စွန့်ခွာမှု ပိုမိုများပြား လာခြင်း ဖြစ်သည်။

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ လာဟီဆင်စခန်းကုန်းနှင့် လန်ဆယ်မြို့တို့ကို ၂၀၂၄ ခုနှစ်အတွင်း KIA နှင့် ပူးပေါင်း တပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လက်လွှတ်ခဲ့ရသည့် နယ်မြေများကို ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အုပ်စုတပ်ဘက်က စစ်ရေးလှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်လာသဖြင့် အမတ်ပေါ်ဒေသ နှင့် အနီးတဝိုက်တွင် စစ်ရေးတင်းမာလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...