ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် ကုမ္ပဏီများအားလုံးကို လုပ်ကွက်ချပေးရာတွင် လိုက်နာရ မည့် ဥပဒေများကိုပါ တစ်ပါတည်း ချမှတ်ပေးထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မြေရှားတူးဖော်ရေး လုပ်ဆောင်ပါက KIO/KIA မှ ချမှတ်ထားသည့် ဥပဒေအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးနော်ဘူက “သူတို့ပန်ဝါဘက်မှာ မြေရှားတူးဖော်ဖို့ သူတို့လက်မှတ်ယူတာနဲ့ တခါတည်းပေးလိုက်တဲ့ လိုက်နာရမယ့် ဥပဒေ အားလုံးပေါင်း ၁၄ ချက်လောက်ရှိမယ်” ဟု ပြောသည်။
လိုက်နာရမည့် ဥပဒေ ၁၄ ချက်တွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု မရှိစေရန် ပြန်လည်ပြင်ဆင်မွမ်းမံ ရေး၊ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှု မရှိစေရေး၊ ရေထု ညစ်ညမ်းမှု မရှိစေရေးနှင့် ငါးအပါအဝင် ရေအောက် သက်ရှိများ မျိုးတုံးပျောက်ကွယ် မသွားစေရန် နည်းပညာဖြင့် ကာကွယ်စောင့်ရှောက်ရေး စသည့်အချက်များ ပါဝင်သည်။
ထို့ပြင် မြေရှားလာရောက်တူးဖော်သည့် လုပ်သားများအပေါ် ကာကွယ်ပေးထားသည့် ဥပဒေများလည်းရှိပြီး ပြည်သူများကို စော်ကားမှု မပြုရန်၊ လုပ်ခလစာ မပေးဘဲ မနေရန်၊ အမျိုးသမီးများကို စော်ကားနှောင့်ယှက်မှု မပြုရန်နှင့် အမျိုးသမီးများအား လုပ်အားနှင့် မညီမျှသည့် လုပ်ခလစာ ပေးခြင်း မပြုရန် စသည်တို့ ပါဝင်သည်။
အဆိုပါ လိုက်နာရမည့် ဥပဒေများကို KIO/KIA အနေဖြင့် ကချင်အထူးဒေသ (၁) တစ်ခုလုံးကို တိုက်ခိုက်သိမ်း ပိုက်ပြီး အုပ်ချုပ်ခွင့် ရယူခဲ့ပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်။ မြေရှားတူးဖော်ပြီးပါက အမှိုက်များကို ပြန်လည် ရှင်းလင်းရန် သက်ဆိုင်ရာ ကုမ္ပဏီများကို သတိပေးထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
ဗိုလ်မှူးကြီးနော်ဘူက “ပြန်လည်စစ်ဆေးချိန် အားနည်းသွားတာလည်း ဖြစ်နိုင်သလို သူတို့ (တရုတ်တွေဘက်က) မရှင်းလင်းသေးတာ၊ မလုပ်ဆောင်သေးတာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ဥပဒေများ ချမှတ်ထားပြီးဖြစ်သဖြင့် ပြည်သူလူထုဘက်မှလည်း အားနည်းချက်များ တွေ့ရှိပါက KIO/KIA ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သွားရောက်တိုင်ကြားနိုင်ကြောင်း ပြောဆိုသည်။
တရုတ်လုပ်ငန်းရှင်များကို လုပ်ကွက်ချပေးရာတွင် တစ်နှစ်လျှင် မည်မျှချပေးမည်ဟု သတ်မှတ်ထားခြင်း မရှိဘဲ လုပ်ငန်းရှင်များ တောင်းဆိုသည့် ပမာဏနှင့် မြေရှားတူးဖော်နိုင်သည့် မြေနေရာပေါ် မူတည်၍ ချပေးခြင်း ဖြစ်သည်။
မြေရှားလုပ်ကွက် တိုးချဲ့ရာတွင် ပြည်သူလူထု၏ စိုက်ပျိုးမြေများနှင့် ဒေသခံများ ကန့်ကွက်သည့် မြေနေရာများ ကို ရှောင်ရှား၍ ချမှတ်ပေးမည် ဖြစ်သည်။
လတ်တလောတွင် ချီဖွေမြို့၊ ဂျိတ်လွယ်ကျေးရွာအနီး ရှီးဇော်ရွာ၌ မြေရှားသတ္တုတူးဖော်ရန် တရုတ်လုပ်ငန်းရှင် များက ဒေသခံအချို့ကို ငွေကြေးပေး၍ ဒေသခံရွာသားအားလုံး၏ ထောက်ခံလက်မှတ်ရယူရန် စည်းရုံးခိုင်းမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။ သို့သော် ဒေသခံအများစုမှာ တောင်ယာစိုက်ပျိုးမြေနှင့် စားကျက်မြေ များ ပျက်စီးမည်ကို စိုးရိမ်သဖြင့် သဘောမတူဘဲ ငြင်းဆန်လျက်ရှိသည်။
အဆိုပါ ဖိအားပေးစည်းရုံးမှုမှာ ဒေသခံအားလုံး သဘောတူညီမှုမရှိပါက လုပ်ကွက်သစ် ချမပေးဟု KIO က ဥပဒေချမှတ်ထားသောကြောင့် ဖြစ်သည်။
ဦးဇခုန်တိန့်ယိန်း ဦးဆောင်ခဲ့သည့် ကချင်အထူးဒေသ (၁) တွင် မြေရှားသတ္တုတူးဖော်ရေးကို ၂၀၀၉-၂၀၁၀ ခုနှစ်ခန့်ကတည်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပါနယ်မြေကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် အမှတ်စဉ် ကုမ္ပဏီများနှင့်ပင် ဆက်လက် လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဓာတ်ပုံ - (ပုံဟောင်း)







