ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်စတင်

ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်စတင်

စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့ တွင် အာရက္ခတပ်တော် (AA) နှင့် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြန်လည် စတင်ဖြစ်ပွားလျက်ရှိသည်။

“ညောင်ကျိုး ပတ်ဝန်းကျင်ရှိ လေလာတောင်ဝန်းကျင်မှာ အာရက္ခတပ်တော်နဲ့ စစ်တပ်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေဒီလ၂၂ ရက်နေ့က ပြန်လည်ဖြစ်လာပါတယ်။စကမ အင်အားဖြည့်တင်းပြီး ထိုးစစ် ဆင်လာတဲ့ အတွက် တိုက်ပွဲ စတင်ဖြစ်ပွားနေတာပါ” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တွင် မြေပြင်တိုက်ပွဲ တစ်လနီးပါးခန့် ရပ်တန့်နေရာမှ ယခုရက်ပိုင်း အတွင်း သေနတ်သံများ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒီရက်ပိုင်း စကစဖက်က လူအင်အားလက်နက်အင်အားအဓိကဖြည့်တင်းတာဆင်လန်ကျေးရွာကိုဖြည့်တယ်။ အဲဒီကလူစုခွဲပြီးလေလာတောင်ဖက်ကိုလာတယ်။ မနေ့ကရောဒီနေ့ထိရောထိတွေ့တိုက်ပွဲဖြစ်ပွားတာရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အာရက္ခပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ရိုးတောင်ကျော်လမ်းရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားသော နေရာများသို့ စစ်အုပ်စု စစ်ကြောင်းများ အတင်း ဝင်ရောက်လာရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ဒေသခံ သတင်းရင်းမြစ်က “ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်ဖက်ကနေပြီး ကပစ ၆၊ ညောင်ခြေထောက်တို့ အခြေစိုက် စခန်းနေရာတွေက တဆင့် ရိုးထက် ရှေ့တန်းနေရာတွေကို အင်အားရာချီ အသုတ်လိုက်တင်ပြီး အခု လိုတိုက်ပွဲ ဖြစ်လာရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

အလားတူ ကပစ (၁၆) ၏ ကာကင်းစခန်းဖြစ်သည့် ပွိုင့် ၅၀၀ ကုန်း ပတ်ဝန်းကျင်တွင်လည်း အာရက္ခတပ်တော် နှင့် စစ်အုပ်စုတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း အခြား ဒေသခံတစ်ဦးကလည်း ပြောသည်။

“ကပစ ၁၆ ထွက်လာတဲ့ စစ်ကြောင်းတွေရှိတယ်။ အဲ့ဒီစစ်ကြောင်းက ပွိုင့် ၆၆၆ ဖက်ကို ထိုးစစ်ဆင်နေတာ။ သူတို့စစ်ကြောင်းနဲ့ AA တို့ ထိတွေ့ ဖြစ်နေတာရှိတယ်” ဟု ၎င်းက ပြောသည်။

ညောင်ကျိုးနှင့် ကပစ (၁၆) ဘက်တွင် တစ်လနီးပါးခန့် မြေပြင်တိုက်ပွဲများ ရပ်တန့်နေခဲ့သော်လည်း စစ်အုပ်စု တပ်ဘက်မှ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် AA ထိန်းချုပ်နယ်မြေများကို ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီး အထိုင်စခန်းများမှ အတွဲလိုက်ပစ်ဒုံးများဖြင့် နေ့စဉ်ဆိုသလို ပစ်ခတ်မှုများ ပြုလုပ်နေခဲ့သည်။

ယခုဩဂုတ်လ တတိယအပတ်တွင်မူ ပဲခူးတိုင်း-တောင်ကုတ် ရိုးကျော်လမ်း စစ်မျက်နှာများကို စစ်အုပ်စုတပ်က ရှေ့တန်းစစ်မျက်နှာ ချဲ့ထွင်လာပြီး ရိုးလမ်းမကြီး၏ ဘယ်/ညာဘက်များသို့ အင်အား တစ်ထောင်နီးပါး စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း AA နှင့် နီးစပ်သူများက ပြောသည်။

ဓာတ်ပုံ - နိရဉ္စရာ

August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...