အင်းတော်၌ လမ်းပိတ်သဖြင့် ကုန်ကားမောင်းသူများ တော်လှန်ရေးအင်အားစုနှင့် ညှိနှိုင်း

အင်းတော်၌ လမ်းပိတ်သဖြင့် ကုန်ကားမောင်းသူများ တော်လှန်ရေးအင်အားစုနှင့် ညှိနှိုင်း
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။

မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့် ကွင်းလမ်းကို လမ်းပြုပြင်ရန် အကန့်အသတ်မရှိ ပိတ်ထားပြီး နောက်ထပ် ကွင်းလမ်းတစ်ခုသို့ လွှဲပြောင်း အသုံးပြုခိုင်းသည့် အတွက် ယာဉ်မောင်းများ စုပေါင်း၍ တော်လှန်ရေး အင်အားစုများနှင့် သွားရောက် ညှိနှိုင်းခဲ့ကြသည်။

အင်းတော်မြို့နယ်အတွင်း ပုံမှန် အသုံးပြုနေသည့် ကွင်းလမ်းအချို့ကို တော်လှန်ရေး အင်အားစုများက ကျောက် လမ်းခင်း၍ ပြုပြင်ရန် ပိတ်ထားခြင်းဖြစ်ပြီး အဆိုပါ လမ်းပိုင်း၌ မော်တော်ယာဉ်အချို့ ရက် ၂၀ ဝန်းကျင်အထိ ပိတ်မိနေကြောင်း ကားဂိတ်မှူးတစ်ဦးက ပြောပြသည်။

“ဒီနေရာက ပိတ်နေတာကြာပြီ။ အဲဒါကို ထပ်ပြီးတော့ အကန့်အသတ်မရှိပိတ်မယ်လို့ စာထုတ်လိုက်တယ်။ ပြီး တော့ သူတို့က နောက်ထပ်ကွင်းလမ်းတစ်လမ်းကို သွားခိုင်းတယ်။ အဲဒီလမ်းက ကားတွေ ဘယ်လိုမှသွားလို့ မရ ဘူး။ ဗွက်တွေနစ်လို့ပေါ့။ အခု ပုံမှန်သွားနေကျ အင်းတော်ကွင်းလမ်းကိုတော့ ကျောက်လမ်းခင်းမှာမို့လို့ လမ်း ပြုပြင်ဖို့ ပိတ်ထားတာ။ အဲဒီမှာ ရက် ၂၀ ဝန်းကျင်လောက် ပိတ်မိနေတဲ့ကားတွေရှိတယ်။”

လမ်းပိတ်ထားသဖြင့် တော်လှန်ရေး အင်အားစုများဘက်က ယာဉ်မောင်းများကို အခြား ကွင်းလမ်းတစ်ခုမှ သွား လာရန် ညွှန်ကြားထားသော်လည်း အဆိုပါ လမ်းမှာ မိုးရွာသွန်းမှုကြောင့် ဗွက်ထပြီး ယာဉ်များ သွားလာရန် အခက်အခဲ ရှိနေခြင်းဖြစ်သည်။

ထိုအခြေအနေကြောင့် ယာဉ်မောင်းများသည် ယမန်နေ့က စုပေါင်း၍ လမ်းပိတ်ထားမှုနှင့် အခြား ကွင်းလမ်းသို့ လွှဲပြောင်း အသုံးပြုခိုင်းသည့် အခြေအနေများကို တော်လှန်ရေး အင်အားစုများဘက်သို့ သွားရောက် ညှိနှိုင်းခဲ့ကြ ခြင်း ဖြစ်သည်။

ညှိနှိုင်းပြီးနောက် လမ်းပြုပြင်မှု အခြေအနေကို ကြည့်ရှု၍ ၂ ရက်၊ ၃ ရက်အတွင်း ပြန်လည် ပြောင်းလဲပေးမည်ဟု နှုတ်အားဖြင့် သဘောတူခဲ့ကြသည်။

“ဆန္ဒပြတယ်ဆိုတာထက် လူတွေစုပြီး လိုချင်တာကို ညှိနှိုင်းဖို့ သွားပြောတဲ့သဘောပါ။ အဲဒီလိုကြောင့်လည်း သူတို့ဘက်က အပြောင်းအလဲဖြစ်သွားပါတယ်။ နှစ်ရက်၊ သုံးရက်အတွင်း ရအောင်လုပ်ပေးမယ်။ ကျောက် လမ်းခင်းပြီးတာနဲ့ ကားတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး နှုတ်အားဖြင့် သဘောတူပြီးသွားတယ်” ဟု အဆိုပါ ကားဂိတ်မှူးက ဆက် ပြောသည်။

အင်းတော်မြို့နယ်အတွင်း တိုက်ပွဲများနှင့် လုံခြုံရေး အခြေအနေများကြောင့် အဓိက လမ်းမကြီးအစား ကွင်းလမ်းများကို အသုံးပြု၍ သွားလာနေကြရခြင်း ဖြစ်သည်။

လက်ရှိ အသုံးပြုနေရသည့် ကွင်းလမ်းများသည် တစ်လမ်းသွားသာ သွားလာနိုင်သည့် နေရာများပြားပြီး မိုးရွာသွန်းချိန်တွင် ဗွက်ထခြင်း၊ ယာဉ်ချော်ကျခြင်းတို့ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုနှင့် ခရီးကြန့်ကြာမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း လေ့လာသိရှိရသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...