ထားဝယ် အထူးစီးပွားရေးဇုန်ဒေသတွင် အရပ်သား ၆ ဦးအထိ သတ်ဖြတ်ခံရဟုဆို

ထားဝယ် အထူးစီးပွားရေးဇုန်ဒေသတွင် အရပ်သား ၆ ဦးအထိ သတ်ဖြတ်ခံရဟုဆို
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ တစ်လအတွင်း စစ်တပ် စစ်ကြောင်းများ၏ စစ်ဆင်ရေးကြောင့် အရပ်သား ၆ ဦး သတ်ဖြတ်ခံရပြီး ၁၃ ဦး ဖမ်းဆီးခံထားရကြောင်း Dawei SEZ Watch အဖွဲ့က ဩဂုတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်ရေး ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ဇွန်လအစောပိုင်းတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီးနောက် ဇူလိုင် ၉ ရက်မှစ၍ အင်အား ၁,၀၀၀ နီးပါးရှိသည့် စစ်ကြောင်းများက စီမံကိန်းနယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

လမ်းကြောင်း အမျိုးမျိုးခွဲ၍ လှုပ်ရှားခဲ့သည့် စစ်တပ်စစ်ကြောင်းများသည် ဇူလိုင်လအတွင်း ရဟန်းတစ်ပါးနှင့် အသက်မပြည့်သေးသူ လူငယ်တစ်ဦး အပါအဝင် အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒေသခံအများစုလည်း တိမ်းရှောင်နေရကြောင်း Dawei SEZ Watch အဖွဲ့ဝင် ဟေတုက ဆိုသည်။

“စီမံကိန်းကို လုံခြုံရေးပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုးနေပေမယ့် လက်တွေ့မှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်။ စစ်ကြောင်းတွေကြောင့် ဒေသခံတွေလည်း အများကြီး တိမ်းရှောင်နေရတယ်။ ပြီးတော့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတယ်။”

စစ်ကြောင်းဝင်ရောက်လာသည့် ကျေးရွာများတွင် ဒေသခံများ သတ်ဖြတ်ခံရခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခံရခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် စစ်ကြောင်းထိုးမှုများကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာ ပေါင်း ၄၀ ခန့်မှ ဒေသခံများသည် ဘေးလွတ်ရာဒေသများသို့ စစ်ဘေးရှောင်တိမ်းခဲ့ရသည်။

အဆိုပါဒေသခံများအနက် အချို့ကျေးရွာများမှာ တစ်ကြိမ်ထက်မက စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် ရင်ဆိုင် ခဲ့ရသည်။

လက်ရှိတွင် စစ်တပ် စစ်ကြောင်းတစ်ကြောင်းက မြို့ဟောင်းကျေးရွာအနီးတွင် ကင်းပုန်းဝပ်လှုပ်ရှားနေပြီး လမ်းတွင်တွေ့ရှိသည့် လူငယ်များကို ဖမ်းဆီးခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများကို ဆက်လက် လုပ်ဆောင်နေ ဆဲဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၎င်းက “မြို့ဟောင်းဘက်ကို စစ်ကြောင်းထိုးလာပြီး တွေ့တဲ့လူတွေကို ပစ်သတ်တာ၊ မဟုတ်ရင် ဖမ်းဆီးတာတွေ လုပ်နေတယ်။ ဇူလိုင် ၂၈ ရက်ကလည်း လူငယ်တစ်ယောက်ကို ပစ်သတ်ခဲ့တယ်။ နဘုလယ်ဒေသတစ်ဝိုက်မှာ ပြည်သူတွေကို ဖိနှိပ်နိုင်ဖို့ တပ်အင်အား တစ်ထောင်နီးပါး ဖြန့်ကျက်ထားတယ်” ဟု မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

စစ်အုပ်စု၏ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်သည် မြေပြင်တွင် ဒေသခံပြည်သူများအတွက် လုံခြုံရေး၊ လူမှုစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှုများကို ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း Dawei SEZ Watch အဖွဲ့၏ အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားသည်။

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...