မုဒုံမြို့နယ် ကျေးရွာအများစုတွင် အုပ်ချုပ်ရေးမှူးဟောင်းများသာ ပြန်လည်အုပ်ချုပ်

မုဒုံမြို့နယ် ကျေးရွာအများစုတွင် အုပ်ချုပ်ရေးမှူးဟောင်းများသာ ပြန်လည်အုပ်ချုပ်

မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း အုပ်ချုပ်ရေးပိုင်း တာဝန်ယူလုပ်ဆောင်လိုသူနှင့် စိတ်ပါဝင်စားသူ နည်းပါးခြင်းကြောင့် ယခင်အုပ်ချုပ်ရေးမှူးဟောင်းများသာ ပြန်လည် အုပ်ချုပ်နေကြရသည်။

ဇူလိုင်လကုန်ပိုင်းအထိ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် မုဒုံမြို့မ (၃)၊ တောင်ပကျေးရွာ၊ ထုံမံ၊ ကွမ်းကဗွီး၊ ညောင်ကုန်း၊ အခွန်ကျေးရွာ၊ ဝဲကလိနှင့် ကမာဝက်မြို့ ရပ်ကွက်အချို့တို့တွင်သာ ရပ်ကျေးအုပ်ချုပ်ရေးမှူး အသစ်များကို ရွေးချယ်နိုင်ခဲ့သည်။

ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအများစု၏ အုပ်ချုပ်ရေးမှူးနေရာများကို နှစ်ရှည်လများ တာဝန်ယူခဲ့ ကြသည့် ဥက္ကဋ္ဌဟောင်းများကိုသာ အပြောင်းအလဲမရှိ ဆက်လက်ထားရှိသည်ဟု မုဒုံမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မုဒုံမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက “အဟောင်းကိုပဲ ရွေးလိုက်ရတာ၊ ရွာကလူတွေ နည်းနည်း စုဝေးပြီး တော့ အသစ်တင်လိုက်တယ်။ ဒီအချိန်မှာ ဝင်ပြိုင် ဝင်လုပ်တဲ့သူလည်း မရှိပါဘူး။ စစ်တပ်ထိန်းချုပ်တဲ့ နေရာ တိုင်းက ဘယ်သူပဲ တက်တက်လေ သူတို့ပဲ အာဏာရှိတယ်။ မုဒုံမှာဆို တော်လှန်ရေးလည်း လှုပ်ရှားတော့ နှစ်ဖက် အကြား တော်တော်အခက်အခဲဖြစ်တယ်” ဟု ပြောသည်။

ရွေးကောက်တင်မြှောက်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးအသစ်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် နီးစပ်သူများနှင့် စစ်တပ်အဖွဲ့အစည်းက ကြိုးကိုင်နိုင်သူများသာ ဖြစ်သည်ဟုလည်း သိရသည်။

ထို့ပြင် မြို့မ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင်လည်း ပွင့်လင်းမြင်သာမှု မရှိဘဲ နီးစပ်ရာ လူနည်းစု ဖြင့်သာ လုပ်ဆောင်ခဲ့သည်ဟု ကမာဝက်မြို့ခံတစ်ဦးက ဆိုသည်။

“မြို့မ (၃) ရပ်ကွက် လူကြီးရွေးပွဲက ဆယ်အိမ်မှူးနဲ့ နီးစပ်ရာကို ခေါ်ကြတာ၊ တစ်အိမ်ထောင် ကိုယ်စားလှယ် တစ်ယောက်ဆိုပြီး လာလည်း မအကြောင်းကြားဘူး။ တိုးတိုးတိတ်တိတ်နဲ့ ရာအိမ်မှူး ၃ ယောက်ကလည်း သူတို့ လူပဲ လုပ်ခွင့်ရမယ်လို့ ကြွေးကြော်နေတော့ အဆင်မပြေနေဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။”

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများနှင့်အတူ တော်လှန်ရေးအဖွဲ့များနှင့် စစ်အုပ်စုတို့ ယှဉ်ပြိုင်ထိန်းချုပ်ထားသည့် နယ်မြေများတွင် လုံခြုံရေးအန္တရာယ်နှင့် ဖိအားမျိုးစုံကို ရင်ဆိုင်နေရသဖြင့် အုပ်ချုပ်ရေးမှူး တာဝန်ယူလိုသူ သိသိသာသာ လျော့ကျလာကာ အချို့နေရာများတွင် အသစ်ခန့်အပ်နိုင်ခြင်း မရှိတော့ပေ။

မွန်ပြည်သည် နိုင်ငံတစ်ဝန်းတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ကြံသတ်ခံရမှု အများဆုံးဒေသ တစ်ခုတွင် ပါဝင်ကြောင်း စစ်အုပ်စုနှင့် နီးစပ်သည့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ (၂၀၁၂) အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ သက်တမ်း သည် သမ္မတရာထူး သက်တမ်းအတိုင်းဖြစ်ပြီး တစ်ဆက်တည်း နှစ်ကြိမ်ထက် မပိုစေရဟု ပြဋ္ဌာန်းထားသည်။

အဆိုပါဥပဒေအရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်ရာတွင် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၏ အဆုံးအဖြတ်သည် အဓိကကျပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး လစ်လပ်ပါက ဒုတိယမဲအများဆုံးရသူကို ခန့်အပ် နိုင် ကာ အကယ်၍ ဒုတိယမဲအများဆုံးရသူ မလုပ်နိုင်ပါက သင့်တော်သည့် ရာအိမ်မှူးကို ယာယီတာဝန်ပေးခြင်း သို့မဟုတ် အသစ်ထပ်မံ ရွေးချယ်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...