ကျောက်ဖြူ စစ်ရှောင်များအတွက် ခြင်ထောင်များ အရေးပေါ်လိုအပ်နေ

ကျောက်ဖြူ စစ်ရှောင်များအတွက် ခြင်ထောင်များ အရေးပေါ်လိုအပ်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိနိုင်ခြင်းနှင့်အတူ ခြင်ထောင်များလည်း အရေးပေါ် လိုအပ်နေ ကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများက ပြောသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်၊ စနဲတိုက်နယ်နှင့် ဇင်ချောင်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်အချို့မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေခြင်းဖြစ်သည်။

ကျောက်ဖြူအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့ (ERG) ဥက္ကဋ္ဌ မအေးမေက “စခန်းတစ်ခုကို လစဉ်သုံးပစ္စည်း သွားလှူတဲ့အချိန် ကလေးတစ်ယောက် သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံ တင်လိုက်ရတယ်။ သွေးလွန်တုပ်ကွေး ဖြစ်နေပေမယ့် ခြင်ထောင်တွေ လုံလောက်မှုမရှိဘဲ လိုအပ်နေတဲ့ ရွာတွေ အများကြီး ရှိနေတယ်။ ခြင်ထောင် တွေ ထောက်ပံ့ရင်လည်း ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုကို ဦးစားပေး ထောက်ပံ့ကြတာမျိုးတော့ ရှိတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ULA/AA ဘက်မှ ကျန်းမာရေးဝန်ထမ်းများက ကွင်း ဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသော်လည်း လူဦးရေများပြားမှုနှင့်အတူ ဆေးဝါး မလုံလောက်မှု များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

“ကျန်းမာရေးဝန်ထမ်းတွေ ကွင်းဆင်းတာမျိုးရှိပေမယ့် သူ့အခက်အခဲနဲ့ သူတို့ရှိမှာပေါ့ ပုံမှန်တော့ မရောက်ဘူး။ သူတို့က တစ်ပတ်တစ်ခါ ဆင်းတာမျိုးလည်းရှိတယ်။ သုံးပတ်လောက်နေလို့ တစ်ခါ မရောက်တာမျိုးလည်း ရှိ တယ်။ ရောက်ရင်လည်း ဆေးဝါးမလုံလောက်တာတွေရှိတယ်။ ဥပမာ- ဖျားနာတာက ၁၀ ယောက်ဆိုရင် သူတို့ မှာပါလာတဲ့ ဆေးဝါးက ၅ ယောက်စာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် စစ်ဘေးရှောင်များမှာ ညဉ့်အချိန် ခြင်တားဆီးရေးအတွက် မီးခိုးမှိုင်းတိုက်ခြင်း (မီးခိုးမွှန်းခြင်း) ကဲ့သို့သော နည်းလမ်းများဖြင့် နေထိုင်နေကြရသည်ဟု ဆိုသည်။

စစ်ရှောင်အရေးကူညီပေးနေသူ ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက “အခုက ခြင်ကိုက်မှုက တစ်ဆင့်ဖြစ် တဲ့ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ လူတွေ ရှိလာတယ်။ HDCO တို့ တခြားအဖွဲ့တွေက ခြင်ထောင် လှူတာတွေက လည်း တစ်အိမ်ထောင်ကို တစ်စု ဆိုတာမျိုးလှူကြတာများတယ်။ တချို့မိသားစုမှာကျ သားပျို သမီးပျိုရှိတော့ တစ်ခုထဲနဲ့ မလောက်ငှဘူး။ ပြီးတော့ တချို့ခြင်ထောင်မရှိတဲ့သူတွေကလည်း မီးခိုးမွှန်းပြီး နေကြရတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခြင်ထောင်အပြင် စားနပ်ရိက္ခာ၊ အမျိုးသမီး လစဉ် သုံးပစ္စည်းများနှင့် အတွင်းခံစသည့် အသုံးအဆောင် လိုအပ်ချက်များလည်း ဆက်လက်ရှိနေကြောင်း ကူညီပေး နေသူများက ပြောဆိုထားပြီး လက်ရှိတွင် 

ကျောက်ဖြူမြို့နယ်၌ စစ်ဘေးရှောင် ခြောက်သောင်းကျော် ရှိနေသည်။

စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက် မှုနှင့် ရေတပ်စစ်သင်္ဘောများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ တိုက်ပွဲဧရိယာနှင့် ကင်း လွတ်ရာနေရာများသို့ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

Most read this week

ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...
August 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများအတွင်း သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့်...