ဒေသတွင်း ငှက်ဖျားနှင့် တုပ်ကွေး တိုက်ဖျက်ရေး တတ်နိုင်သမျှ ဆောင်ရွက်မည်ဟု IEC ပြော

ဒေသတွင်း ငှက်ဖျားနှင့် တုပ်ကွေး တိုက်ဖျက်ရေး တတ်နိုင်သမျှ ဆောင်ရွက်မည်ဟု IEC ပြော

ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး အပြီးအပိုင် ပပျောက်စေရန် ခက်ခဲသော်လည်း ကာကွယ်ကုသရေး လုပ်ငန်းများကို တတ်နိုင်သမျှ ဆက်လက်ကြိုးပမ်းသွား မည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကျန်းမာရေးဌာနမှူးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

(IEC) ကျန်းမာရေးဌာနမှူးက ဖိလစ်က “ပပျောက်ဖို့က မလွယ်ဘူးထင်တယ်။ ပပျောက်ဖို့မလွယ်ဘူးဆိုတာက လျှော့ချအောင်လုပ်တာကတော့ အရင်အစိုးရခေတ်ကလည်း အများကြီးလုပ်ခဲ့ပြီးပြီလေ။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာက ကျနော်တို့မှာ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ အခုလိုအခြေအနေမျိုးမှာက လုပ်ရခက်တယ် လေ။ ဘာဖြစ်လဲဆို လူတွေက တောထဲပုန်းနေရ၊ အမိုးအကာမရှိ၊ ခြင်တွေနဲ့၊ အခုလိုအခြေအနေက လုပ်ရတာ ခက်ပါတယ်။ ဒါပေမဲ့ ကျ‌နော်တို့ လက်လျှော့တာတော့ မဟုတ်ဘူး။ တတ်နိုင်သလောက် ဒီကာကွယ်မှု အပိုင်း တွေနဲ့ ငှက်ဖျားရောဂါ ကုသမှုအပိုင်းကို ကျနော်တို့ ကြိုးစားလုပ်နေပါတယ်” ဟု ပြောသည်။

မိုးရာသီတစ်လျှောက် ငှက်ဖျားရောဂါ ဆက်လက်ဖြစ်ပွားနိုင်ခြေ ရှိသေးသော်လည်း လက်ရှိအချိန်အထိ ငှက်ဖျား နှင့် တုပ်ကွေးရောဂါများကြောင့် အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များကို မတွေ့ရသေးကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုထားသည်။

ငှက်ဖျားနှင့် တုပ်ကွေးရောဂါများသည် ပြီးခဲ့သည့် ဇွန်လ မိုးရာသီအစပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

အဆိုပါရောဂါများသည် ကရင်နီပြည်တွင် နှစ်စဉ် ပြန်လည်ဖြစ်ပွားလေ့ရှိကာ ဒေသခံများအတွက် နှစ်တိုင်း ရင်ဆိုင်နေရသော ကျန်းမာရေးပြဿနာ တစ်ရပ်လည်း ဖြစ်နေသည်။

ငှက်ဖျားနှင့် တုပ်ကွေးရောဂါများသည် ခြင်မှတစ်ဆင့် အဓိကကူးစက်တတ်သဖြင့် အလွယ်ကူဆုံး ကာကွယ်နည်း မှာ ခြင်အကိုက်မခံရအောင် နေထိုင်ရန်ဖြစ်ကြောင်း မြေပြင်တွင် ကျန်းမာရေးဝန်ဆောင်မှု ပေးနေသည့် ဒေါက်တာရဲဇော်က ထောက်ပြသည်။

“ကျနော်တို့ အနေနဲ့က ရှင်းရှင်းလေးပါပဲ။ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားက ခြင်ကြောင့်ဖြစ်တာကို။ ခြင် မကိုက်ရင်တော့ ဖြစ်စရာအကြောင်း မရှိဘူးပေါ့။ အဲ့တော့ ခြင်မကိုက်စေမယ့်အရာ ကျနော်တို့လုပ်ရင် အလိုလို ပပျောက်သွားမယ့်သဘောပါပဲနော်” ဟု ဒေါက်တာရဲဇော်က ပြောသည်။

အလားတူ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်ဘက်ရှိ စစ်ရှောင်စခန်းများတွင်လည်း လက်ရှိအချိန်အထိ ငှက်ဖျား နှင့် တုပ်ကွေးရောဂါများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ရှားတောဒေသတွင် ကျန်းမာရေးကုသမှု ပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ဒီဖက်လည်း ဖြစ်ကြတုန်းပဲ။ ဒါပေမဲ့ အရင်လတွေထက်တော့ သက်သာပါပြီ။ အရင်လတွေကဆို စ စဖြစ်ကြ တုန်းကဆို တစ်ရက်ကို ၁၀ ယောက်လောက် ပေါ်နေတယ် စစ်ရင်။ အခုတော့ တစ်ရက်ကို ၃ ယောက် ပေါ်တဲ့ ရက်တွေလည်း ရှိတယ်။ ဖြစ်နေကြဆဲပဲ၊ ဒါပေမဲ့ ပိုသက်သာလာပြီ အဲ့လိုပေါ့။”

ပြီးခဲ့သည့် ဇွန်လအတွင်းက ကရင်နီပြည်တွင် ငှက်ဖျားရောဂါ ကူးစက်ခံရသူ (၃၀၀) ဝန်းကျင် ရှိခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ဆေးဝါးကုသနိုင်ရေးအတွက် ဆေးဝါးလိုအပ်ချက်များနှင့်ပါ ရင်ဆိုင်နေရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ စုစည်းထားသော အချက်အလက်များအရ သိရှိရသည်။

Most read this week

July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...
July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...