မြောက်ဦးမြို့နယ်ရှိ တောင်တန်းများကို စစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်

မြောက်ဦးမြို့နယ်ရှိ တောင်တန်းများကို စစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီး၊ Y-12 လေယာဉ် ၁ စီးတို့ဖြင့် အုပ်စုလိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့ (ဇူလိုင်လ ၂၀ ရက်) နေ့လယ် ၂ နာရီကျော်အချိန်တွင် ကျောက်ဆည်ပြင်ကျေးရွာ၏ အရှေ့ဘက်နှင့် မြောက်ဘက်တောင်တန်းများကို ပေါင် ၅၀၀ ဗုံး အလုံး ၁၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မြောက်ဦးနဲ့ ကျောက်တော် အစပ်က တောင်တန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ လေယာဉ်က ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ် နှစ်ခုလုံးမှာ ဝဲနေတာ။ ကျနော်တို့ရွာဖက်က မီးခိုးတွေ ထွက်နေတာမြင်ရတယ်။ လေယာဉ် အုပ်စုလိုက်နဲ့ လာပြီးတော့ ဗုံးတွေ အများကြီးကြဲချခဲ့တဲ့ အတွက် ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်” ဟု မြောက်ဦးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ဆက်လက်စုံစမ်းလျက်ရှိသည်။ အနီးနားရှိ ကျေးရွာများမှ ဒေသခံများမှာလည်း စိုးရိမ်စိတ်ဖြင့် ဗုံးခိုကျင်းများတွင် ပုန်းခိုနေကြရသည်။

ဒေသခံတစ်ဦးက “ကျောက်ကျပ်ကျေးရွာ အရှေ့ဘက်တောင်တန်းတွေနဲ့ ကျောက်ဆည်ပြင် ကျေးရွာအနီးကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာ။ ရွာသားတွေကတော့ စိုးရိမ်လို့ ဗုံးခိုကျင်းတွေနဲ့ အခြား နေရာတွေမှာ ပုန်း နေကြတယ်။ ဗုံးကြဲတာကတော့ ၁၀ မိနစ်တစ်ကြိမ်စီ လာကြဲနေတာ။ တစ်နာရီ ကျော်လောက် ကြာတယ်။ တောင်တန်းတွေမှာ ကျပြီးပေါက်ကွဲတာဆိုတော့ လူအသေ အပျောက် ရှိမရှိ မသိရသေးဘူး” ဟု ဆက် ပြောသည်။

ဇူလိုင် ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ပတ်အတွင်း ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ သံတွဲ၊ ပေါက်တောနှင့် ဂွမြို့နယ်များကိုလည်း စစ်တပ်က လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်ခဲ့သည်။

ယခုကဲ့သို့ တိုက်ခိုက်မှုများသည် ရခိုင်ပြည်သူများအား အကြောက်တရားဖြစ်စေရန်နှင့် အာရက္ခတပ်တော်၏ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ရခိုင်ဒေသခံတစ်ဦးက “အခုက ကျနော်တို့ ဒေသတွေမှာ တိုက်ပွဲလည်း မရှိတော့ဘူး။ ဒါပေမဲ့ မကြာခဏ ဂျက်လေယာဉ်တွေ အုပ်စုလိုက်သုံးပြီး ဗုံးကြဲနေတာဟာ ပြည်သူကို ခြိမ်းခြောက်နေတာဖြစ်တယ်။ တကယ်တမ်းက ရခိုင်ပြည်မှာ AA က အုပ်ချုပ်ရေး မလုပ်နိုင်အောင် နှောက်ယှက်နေတာလို့ မြင်တယ်” ဟု ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၉) ကလည်း တောင်ကုတ်မြို့နယ် (မအီ)၊ သံတွဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၅ ဦး သေဆုံးပြီး သံဃာ ၃ ပါးနှင့် ပြည်သူ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်တပ်၏ လုပ်ရပ်များသည် ‘ရက် ၁၀၀’ အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် အပြော၊ အလုပ် ထပ်တူကျ/မကျ ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...
July 15, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု...