ခေါင်လန်ဖူးတွင် စစ်တပ်နှင့် တရုတ်လုပ်ငန်းရှင်များ သတ္တုတူးရန် ပြင်ဆင်နေ

ခေါင်လန်ဖူးတွင် စစ်တပ်နှင့် တရုတ်လုပ်ငန်းရှင်များ သတ္တုတူးရန် ပြင်ဆင်နေ

ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်း၌ တရုတ်လုပ်ငန်းရှင်များ သတ္တုတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်တပ်ဖွဲ့၊ တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းကာ ရှိန်းခေါင်ကျေးရွာ အနောက်ဘက်ခြမ်း နယ်စပ်တစ်လျှောက်တွင် သတ္တုတူးဖော်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG သို့ ပြောသည်။

“စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တွေ စိုးမိုးထားတဲ့ တောင်ပေါ်ဒေသက ရွာတွေမှာ တရုတ်လုပ်ငန်း ရှင်တွေနဲ့ ပူးပေါင်းပြီး သတ္တုတူးဖို့ ဆောင်ရွက်နေတာ ကြာပါပြီ။ အဲဒီမှာ တာဝန်ကျတဲ့ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီ တပ်ရင်းမှူးတွေက တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်နေကြတာပါ။”

နယ်စပ်တစ်လျှောက်တွင် သတ္တုတူးဖော်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက မြန်မာ-တရုတ် နယ်စပ် ရှိန်းခေါင်လမ်းမှ ဝင်ရောက်လာသည့် တရုတ်လုပ်ငန်းရှင်များနှင့် ပူတာအို ခလရ ၄၆ ဗျူဟာလက်အောက်ခံ ခမရ ၁၃၇၊ ခလရ ၄၆ တပ်ရင်းများအပြင် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့များပါ ပူးပေါင်းကာ စနစ်တကျ ပြင်ဆင်နေကြခြင်း ဖြစ်သည်။

လက်ရှိ သတ္တုတူးဖော်ရန် ပြင်ဆင်နေသည့် နေရာများမှာ ရှိန်းခေါင်ကျေးရွာအနောက်ဘက် မြန်မာ-တရုတ် နယ်စပ် နယ်စပ် မှတ်တိုင်အမှတ် ၃၁၊ ၃၂ အနီးဝန်းကျင်ရှိ ရှိန်းခေါင်၊ နန်ဆိန်၊ ဇင်းထန်၊ ညီဝါး စသည့် ကျေးရွာ များနှင့် ၎င်းတို့၏ အနီးဝန်းကျင်ဒေသများ ဖြစ်ကြောင်း ရွာခံများက ဆိုသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “ဒေသခံတွေကတော့ မလိုလားကြပါဘူး။ သူတို့က တစ်နှစ်ကို ပိုက်ဆံဘယ် လောက်ပေးမယ်ဆိုပြီး စည်းရုံးနေတယ်။ လက်မခံချင်လည်း လက်ခံရတဲ့ အခြေအနေမျိုးပါ။ သူတို့စိုးမိုးထား တဲ့ နေရာဆိုတော့ ဘယ်သူမှ မကန့်ကွက်ရဲကြဘူး” ဟု ပြောသည်။

လက်ရှိတွင် တရုတ်လုပ်ငန်းရှင်များနှင့် စစ်အုပ်စု၊ ပြည်သူ့စစ်တပ်ဖွဲ့များသည် ဒေသခံများ၏ မြေနေရာများတွင် သတ္တုတူးဖော်ခွင့်ရရှိရန် ငွေကြေးဖြင့် စည်းရုံးနေသည့်အပြင် မြေနေရာ ရှင်းလင်းမှုများကိုပါ စတင်လုပ်ဆောင် နေပြီဖြစ်သည်။

သတ္တုတူးဖော်မည့် နယ်မြေများထဲတွင် ဒေသခံများ၏ ဘိုးဘွားပိုင်မြေယာများနှင့် အဓိက စီးပွားရေးလုပ်ငန်း ဖြစ်သည့် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သော ရှောက်ကော၊ ပါကော စိုက်ခင်းမြေများပါ ပါဝင်နေသည်။

ဒေသခံအမျိုးသားက “ဒေသခံတွေကတော့ ကန့်ကွက်ကြပါတယ်။ ဒါပေမဲ့ အဲဒီဒေသက တောင်ပေါ်ဒေသ ဖြစ် ပြီး ရွာတွေကလည်း ဟိုတစ်နေရာ ဒီတစ်နေရာနဲ့ ကွဲပြီး နေကြတာပါ။ ဌာနေပြည်သူ့စစ်တွေရဲ့ စည်းရုံးမှု အောက်မှာ အသာတကြည် လက်ခံရင်လက်ခံ, မလက်ခံရင် သူတို့အတွက် မကောင်းဘူးဆိုတဲ့ ခြိမ်းခြောက်မှု မျိုးတွေ ကြုံနေရပါတယ်” ဟု ဆက်ပြောသည်။

ရှိန်းခေါင် အနောက်ဘက်ခြမ်း ကျေးရွာများတွင် နေထိုင်သည့် ဒေသခံအများစုသည် တရုတ်နိုင်ငံဘက်သို့ တင်ပို့ ရောင်းချသည့် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သော ရှောက်ကော၊ ပါကော စိုက်ပျိုးခြင်းနှင့် ရေခဲတောင် ဒေသထွက် ဆေးမြစ်၊ သစ်ဥသစ်ဖုများ ရှာဖွေရောင်းချကာ အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်သည်။

သို့သော် သတ္တုတူးဖော်မှုများ စတင်လာပါက မိမိတို့၏ ရှောက်ကော၊ ပါကော စိုက်ခင်းများ ပျက်စီးလာနိုင်ခြင်း၊ စိုက်ပျိုးမြေများ လျော့နည်းလာနိုင်ခြင်းနှင့် တောထွက်ပစ္စည်း ရှာဖွေရန် ခက်ခဲလာနိုင်ခြင်းတို့အပေါ် ဒေသခံများ က စိုးရိမ်နေကြသည်။

လက်ရှိ သတ္တုတူးဖော်ရန် ပြင်ဆင်နေသည့် ရှိန်းခေါင်ဒေသသည် ပူတာအိုမြို့နှင့် မိုင် ၁၀၀ ကျော် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသဖြင့် ဒေသခံများသည် အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန် ပစ္စည်းများအတွက် တရုတ်နိုင်ငံဘက်ခြမ်းကိုသာ အဓိက အားထားနေရသည်။

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...