Sky Villa ကွန်ဒို ဆောက်လုပ်ရေး ပိုင်ရှင်ကို ထောင် ၅ နှစ်ချမှုအပေါ် နစ်နာသူများ ဝေဖန်

Sky Villa ကွန်ဒို ဆောက်လုပ်ရေး ပိုင်ရှင်ကို ထောင် ၅ နှစ်ချမှုအပေါ် နစ်နာသူများ ဝေဖန်

စစ်ကိုင်းငလျင်ကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့သည့် မန္တလေး Sky Villa ကွန်ဒိုပိုင်ရှင်ကို တရားရုံးက ထောင် ဒဏ် ၅ နှစ် ချမှတ်လိုက်သော်လည်း၊ အဆိုပါပြစ်ဒဏ်မှာ ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်ပါက နည်းလွန်းသည်ဟု နစ်နာသူများက ဝေဖန်လိုက်သည်။

အင်အား ရစ်ချ်တာစကေးရှိ အဆိုပါ ငလျင်ကြီးကြောင့် မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ၁၁ ထပ်မြင့် Sky Villa ကွန်ဒိုကြီး ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၂၀၆ ဦးအထိ သေဆုံးခဲ့ရသည်။

အောင်မြေသာစံမြို့နယ် တရားရုံးက ဇွန်လ ၂၃ ရက်တွင် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို လူသေမှုဖြစ်စေတတ်သော ပေါ့လျော့မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်ဘေးကြောင့် နစ်နာသူ မိခင်တစ်ဦးက “လူအသက်ပေါင်း ၂၀၀ ကျော် ပိုးစုန်းကြူးလို ကြွေလွင့်သွားရတဲ့ ဖြစ်ရပ်အတွက် ထောင်ဒဏ် ၅ နှစ်ဆိုတာ ဘယ်လိုမှ မတန်ပါဘူး။ အဆောက်အအုံ စံချိန်စံညွှန်း မပြည့်မီလို့ အခုလို ပြိုကျရတာ သိသိသာသာကြီးကို ပြစ်ဒဏ်က ပေါ့လွန်းနေတယ်။ ကျမတို့ ရင်ထဲက အပူမီးတွေကတော့ ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး” ဟု ပြောသည်။

ငလျင်အပြီးတွင် ကုမ္ပဏီဘက်က သေဆုံးသူတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီ နစ်နာကြေး ပေးလျော်ခဲ့သည်။

သို့သော်လည်း၊ တစ်ခန်းလျှင် ကျပ်သိန်း ၆,၅၀၀ ကျော်အထိ ပေးဆောင်ကာ ဝယ်ယူခဲ့ကြသည့် ကွန်ဒိုအခန်းပိုင်ရှင်များမှာမူ လက်ရှိတွင် တိုက်ခန်းလည်းမရ၊ နစ်နာကြေးလည်း အပြည့်အဝမရဘဲ အိမ်ပိုင်ဘဝမှ အငှားဘဝသို့ ရောက်ရှိသွား ကြရသည်။

အခန်းပိုင်ရှင်တစ်ဦးက “တစ်သက်လုံး စုဆောင်းထားသမျှ ပိုက်ဆံတွေ သွန်ပစ်လိုက်ရသလိုပဲ။ ကုမ္ပဏီက ပေးတဲ့လျော်ကြေးက ကျနော်တို့ ဆုံးရှုံးသွားတဲ့ တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတာ။ အခုတော့ ကိုယ့်အိမ်နဲ့ ကိုယ် နေခဲ့ရရာကနေ လမ်းဘေးရောက်ပြီး သူများအိမ် လိုက်ငှားနေနေရတယ်” ဟု အခန်းပိုင်ရှင် တစ်ဦးက ပြောသည်။ သူက ဆက်ပြီး “အာဏာပိုင်တွေအနေနဲ့ နစ်နာ သူတွေ ထိုက်ထိုက်တန်တန် ပြန်ရအောင် ထိထိရောက်ရောက် ကြပ်မတ်ပေးစေချင်တယ်” ဟု သူ၏ ဆန္ဒကို ထုတ်ပြောသည်။

နိုင်ငံအနှံ့တွင် လူပေါင်း ၃,၈၀၀ နီးပါး သေဆုံးခဲ့ရသည့် အဆိုပါ စစ်ကိုင်းငလျင်ဘေးဆိုးအတွင်း Sky Villa ကွန်ဒိုပြိုကျမှုသည် မန္တလေးမြို့၌ လူအသေအပျောက် အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

ဒေသခံများနှင့် နစ်နာသူ မိသားစုဝင်များက နောက်နောင်တွင် ယခုကဲ့သို့ အဆောက်အအုံ အရည်အသွေး ညံ့ဖျင်းမှုကြောင့် ဖြစ်ရသည့် ဘေးအန္တရာယ်များ ထပ်မံမကြုံတွေ့ရစေရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များ နှင့် စစ်ဆေးရေးအဖွဲ့များအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို စံချိန်စံညွှန်း တိတိကျကျဖြင့် စိစစ်ကြပ်မတ် ရန် တိုက်တွန်းနေကြသည်။

July 9, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဟာမိတ်တပ်ဖွဲ့များဖြစ်သည့်...
July 9, 2026
ရခိုင်ပြည်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေများ မြင့်တက်လာကာ...
July 9, 2026
ရခိုင်ပြည်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အာရက္ခတပ်တော် (AA) ၏...
July 8, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင်  စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ အဓမ္မ...