စလော့ဂိမ်း သိန်း ၁၅၀ ရှုံးသဖြင့် ယာဉ်မောင်းတစ်ဦး အဆုံးစီရင်

စလော့ဂိမ်း သိန်း ၁၅၀ ရှုံးသဖြင့် ယာဉ်မောင်းတစ်ဦး အဆုံးစီရင်

 ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့၌ ကုန်ကားမောင်းနှင်သူ တစ်ဦးသည် အွန်လိုင်းစလော့ဂိမ်းကစားရာမှ တစ်မနက်ခင်းအတွင်း ငွေကျပ်သိန်း ၁၅၀ အရှုံးပေါ်သဖြင့် ဇူလိုင်လ ၃ ရက်နေ့တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်။

 

အောင်ပန်းမြို့၊ အောင်ပန်း-ကလောလမ်းခွဲ တိုးဂိတ်အနီးတွင် ရပ်တန့်ထားသည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ ယာဉ်နောက်လိုက် (စပါယ်ယာ) ဖြစ်သူ အိပ်ပျော်နေစဉ် ယာဉ်မောင်းက ကားမိုးကာချည်သည့် နိုင်လွန်ကြိုးကို အသုံးပြု၍ ကြိုးဆွဲချခဲ့ခြင်း ဖြစ်သည်။

 

သေဆုံးသူ၏ မိတ်ဆွေဖြစ်သည့် ယာဉ်မောင်းတစ်ဦးက “ကျနော်တို့ ကြားတာကတော့ သူတစ်ညလုံး ဆော့ တယ်။ ရှုံးတယ်။ ရှုံးတာမှ ပက်ပက်စက်စက်ပဲ။ အကုန်လုံးသူ့ကိုတွေ့တော့ မျက်လုံးပြူးပြီး လျှာထွက်နေပြီ။ တကယ်ကြီးကို လုပ်ချသွားတာ” ဟု ပြောသည်။

 

သေဆုံးသူ ယာဉ်မောင်းမှာ အသက် ၂၅ နှစ်အရွယ် ကိုလှိုင်မင်း ဖြစ်ပြီး တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

 

၎င်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၂ နာရီခန့်မှစတင်၍ စလော့ဂိမ်း ဆော့ကစားခဲ့ရာမှ နံနက် ၆ နာရီခန့်တွင် ငွေကျပ်သိန်း ၁၅၀ ခန့် အရှုံးပေါ်သွားခြင်း ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် စလော့ဂိမ်းဆော့ကစားသည့် သက်တမ်း မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

 

သေဆုံးသူနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးကလည်း စီးပွားရေး အကျပ်အတည်း ဖြစ်သွားသည့် အခြေအနေကို ယခုကဲ့သို့ ပြောသည်။

 

“ဂိမ်းရှုံးတာ သိန်းရာကျော်။ ပေးရမယ့် ပိုက်ဆံတွေလည်း မကျန်တော့ဘူးလို့ ပြောတယ်။ နောက်ဆုံး အလုပ် သမားကိုတောင် ၃ သိန်းပေးဖို့ မပြည့်တော့လို့ လုပ်မိလုပ်ရာ လုပ်သွားတာ။ Owner (ကားပိုင်ရှင်) ကြေးလည်း မကျန်တော့ဘူး။ ဘာမှကိုမကျန်တာ။”

 

ကိုလှိုင်မင်း၏ ရုပ်အလောင်းအား အောင်ပန်းနာရေးကူညီမှုအသင်းက ကလောဆေးရုံကြီးသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး၊ သေမှုသေခင်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လာမည့်ရက်ပိုင်းအတွင်း သင်္ဂြိုဟ်ရန် စီစဉ်ထားသည်။

 

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ ညပိုင်းကလည်း အောင်ပန်းမြို့နှင့် နီးစပ်သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူကျေးရွာတွင် စလော့ဂိမ်းရှုံးသည့် မူလတန်းပြဆရာမတစ်ဦးက သားအမိနှစ်ဦးကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ဖြစ်စဉ်အတွင်း လူနှစ်ဦးလုံး သေဆုံးခဲ့ရသည့် ဖြစ်စဉ်မျိုး ရှိခဲ့သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံအဝှမ်း၌ အွန်လိုင်းစလော့ဂိမ်း စွဲလမ်းမှုများပြားလာပြီးနောက် နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အိမ်ထောင်ရေး၊ စီးပွားရေးနှင့် လူမှုရေးပြဿနာများ ကြုံတွေ့ရကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် ဖြစ်စဉ်များ လူမှုကွန်ရက်စာမျက်နှာများတွင် ခပ်စိပ်စိပ် တွေ့ရှိလာနေရသည်။

July 3, 2026
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရှိ၍မဟုတ်ဘဲ...
July 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို...
July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...
July 1, 2026
ဧရာဝတီတိုင်း၊ ရေကြည်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အားများဖြင့် ရခိုင်ပြည်၊...