အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ စားဝတ်နေရေးအကျပ်တည်းများလာသဖြင့် တောင်းရမ်းစားသောက်၍ ဝမ်းရေးဖြေရှင်းပေးနေရသူ များလာနေကြောင်း သိရသည်။
ကျောက်ဖြူမြို့ခံများမှာ အလုပ်အကိုင်ရှားပါးမှုနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှုတို့ကို ရင်ဆိုင်နေကြရပြီး လက်လုပ်၊လက်စား နွမ်းပါးသူများမှာ တောင်းရမ်းစားသောက်ရုံမှ လွဲ၍ ရွေးချယ်စရာ မရှိတော့ကြောင်း ပြောဆိုကြသည်။
“ ကျောက်ဖြူမှာ အရင်က သူတောင်းစား မမြင်ဖူးဘူး။ အခုဆိုရင် ဈေးမှာရော၊ လမ်းတွေမှာရော ရပ်ကွက်တွေထဲမှာပါ တွေ့ရတယ်။ ပိုက်ဆံ တောင်းသူတွေရော၊ ထမင်းကျန်၊ ဟင်းကျန်တောင်း သူတွေရော အများကြီးပဲ။ လမ်းလျှောက်တတ်စ အရွယ်ကနေ သက်ကြီးပိုင်းတွေအထိပါတယ် ” ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် နို့ဆီဗူး ၃၂ ဗူးဆံ့ ဆန်ကြမ်းတစ်တောင်းကို ငွေကျပ် ၂၅,၀၀၀၊ စားဆီ တစ်လီတာကို ငွေကျပ် ၂၀,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာကို ၁၀,၀၀၀ ကျော်၊ ငရုတ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၄၀,၀၀၀ ကျော် စသဖြင့် ဈေးနှုန်းရှိနေကြောင်း သိရသည်။
လက်ရှိတွင် ကျောက်ဖြူမြို့ကို အာဏာသိမ်းစစ်က အဝင်အထွက် ပိတ်ဆို့ထားသဖြင့် အဆိုပါ အခြေခံ စားသောက်ကုန် ပစ္စည်းများကို ရန်ကုန်မှ သင်္ဘောများဖြင့် တစ်လကို ၃ ကြိမ်ခန့် လာရောက်ပို့ဆောင်ခြင်း ဖြစ်ပြီး ကုန်သည်များက ဈေးတင်ရောင်းချနေကြခြင်းဖြစ်သည်။
ထို့အပြင် အသား၊ ငါးနှင့် ဟင်းသီး၊ ဟင်းရွက်တို့မှာလည်း ဈေးနှုန်းကြီးမြင့်နေပြီး မိသားစု ၄ ဦးစာ ချက်ပြုတ် စားသောက်ရေးအတွက် တစ်ရက်ကို အနည်းဆုံး ငွေကျပ် ၃၀,၀၀၀ ခန့် သုံးစွဲနေရကြောင်း သိရသည်။
“ တိုက်ပွဲ ဖြစ်ကတည်းက ကျောက်ဖြူတစ်မြို့လုံး ဘာအလုပ်မှ မရှိတော့တာ။ တချို့က စိုက်ပျိုးရေးလုပ်ပြီး ရောင်းစား၊ ချစားကြတယ်၊ တချို့က မြစ်ကမ်းနားမှာ ခွင့်ပြုချက်နဲ့ ငါးဖမ်းကြတယ်။ ဒီလောက်ပဲ။ ကြာရင် တစ်မြို့လုံး ငတ်သေကြတော့မယ် ” ဟု နောက်ထပ် ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် တချို့မှာ နေအိမ်များကို ဖြိုဖျက်ပြီး ထင်းအဖြစ်ရောင်းချ၍ ဝမ်းရေးကို ဖြေရှင်းနေကြရပြီး အမိုးအကာ မလုံခြုံဘဲ ဖြစ်သလို နေထိုင်နေကြရသူများလည်းရှိနေကြောင်း သိရသည်။
ကျောက်ဖြူမြို့ပေါ်ကို ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းက စ၍ ကုန်းလမ်း၊ ရေလမ်းအားလုံး အာဏာသိမ်း စစ်တပ်က ပိတ်ဆို့ထားပြီး အလုပ်အကိုင်ရှားပါးမှုတိုကြောင့် လက်လုပ်လက်စား နွမ်းပါးသူများမှာ ငတ်မွတ်ခေါင်းပါးမှုကို ဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ထိုသို့ အကျပ်အတည်းများအပါအဝင် စစ်တပ်၏ ဖမ်းဆီးခြိမ်းခြောက်မှု၊ ဒုစရိုက်သမားများနှင့် ပူးပေါင်း၍ ခိုး၊ ဆိုး၊ လုရိုက်မှုများကိုပါ ကျူးလွန်နေကြသဖြင့် လုံခြုံရေးအန္တရာယ်ကြောင့် မြို့ခံ ထက်ဝက်ခန့်မှာ ရရာနည်းဖြင့် ပြည်မ နှင့် ULA/ AA ထိန်းချုပ်ရာဒေသများသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။







