ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး ဒဏ်ရာရမှုများ ဆက်တိုက်မြင့်တက်နေသော်လည်း စစ်အစိုးရထံ မှတ်ပုံတင်ထားသည့် ရခိုင်နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်များ တစ်စုံတစ်ရာ ထုတ်မပြောဘဲ ရေငုံနှုတ်ဆိတ်နေကြောင်း ဝေဖန်နေကြသည်။
အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအောက်တွင် ရခိုင်ပြည်သူများ သေဆုံးဒဏ်ရာရ ထိခိုက်ပျက်စီးမှု များစွာရှိနေပြီး ရခိုင်နိုင်ငံရေးပါတီများက သဘောထား ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသလို၊ လွှတ်တော်ထဲတွင်လည်း အဆို၊ မေးခွန်းတစ်ခုမှ တင်သွင်းခြင်းမရှိဘဲ ရေငုံနုတ်ပိတ်နေကြခြင်းဖြစ်သည်။
ယင်းသို့ ဖြစ်နေခြင်းမှာ ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်နှင့် ပေါင်းနေသည့် နိုင်ငံရေးသမားအဆင့်သာ ရှိပြီး ပြည်သူကို အလုပ်အကျွေးပြုကာ ပြည်သူ၏ အိုးအိမ်စည်းစိမ်များကို ကာကွယ်ချင်၍ နိုင်ငံရေး လုပ်နေခြင်း မဟုတ်ကြောင်း ပရဟိတသမား ကိုဝေဟင်အောင်က ဝေဖန်သည်။
“ ဒီလူတွေက အစကတည်းကနေ နိုင်ငံရေးသမားဆိုတဲ့ နာမည်ကို ခံယူထားတာပဲ ရှိတယ်။ ပြည်သူကို အလုပ်အကျွေးပြုချင်လို့ ပြည်သူ့ရဲ့ အခက်ခဲတွေ၊ အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ချင်လို့ နိုင်ငံရေးသမား လုပ်နေကြတာ မဟုတ်ဘူး။ သူတို့ တစ်ကိုယ်ရည် တစ်ကာယနဲ့ မိသားစုတွေ အဆင်ပြေရေးအတွက် နိုင်ငံရေးဆိုတဲ့ စကားလုံးကို သုံးပြီးတော့ နိုင်ငံရေး ဒိုင်းကို ကာပြီးတော့ နိုင်ငံရေးသမား အမည်ခံတွေသာဖြစ်တယ် ” ဟု ပရဟိတသမား ကိုဝေဟင်အောင်က ပြောသည်။
ဆက်လက်ပြီး သူက “ တစ်ကိုယ်ရည် တစ်ကာယအတွက် ပြည်သူကို ခုတုံးလုပ်တာပဲ ရှိတယ်။ ပြည်သူကို ကိုယ်စားပြုတာ မရှိဘူး။ စစ်ကောင်စီအောက်ကို ဝင်သွားတယ် ဆိုကတည်းက စစ်ကောင်စီ အသက်ရှင် ရပ်တည်ရေးအတွက် ခေတ်စကားနဲ့ ပြောရရင် ဘောမနေတဲ့ အဆင့်ပဲ ရှိတယ်။ တကယ့် နိုင်ငံရေးသမားတွေ မဟုတ်ဘူး ” ဟု ဝေဖန်သည်။
ဇွန် ၁၄ ကနေ ၁၇ ရက် ၄ ရက်အတွင်း ကျောက်တော်နှင့် ဂွမြို့နယ်တို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ အိမ်နေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဈေးဆိုင်များလည်း ထိခိုက်ပျက်စီးသွားကြောင်း AA က ထုတ်ပြန်သည်။
ယင်းအပြင် ဇွန်လတွင်း ရခိုင်ပြည်က ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ပလက်ဝ စသည့် မြို့နယ်များကိုလည်း လေကြောင်းတိုက်ခိုက်၍ အရပ်သားနှင့် ကျွဲ၊နွား တိရစ္ဆာန်များ ထိခိုက်သေဆုံးခဲ့သည်။
ထိုသို့ ရခိုင်ပြည်သူများ နစ်နာနေသော်လည်း ရခိုင်ပါတီအမတ်များမှာ အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူအတွက် အသံမထွက်ဝံ့သူများသာဖြစ်ကြောင်း လွှတ်တော် အမတ်ဟောင်းတစ်ဦးက ပြောသည်။
“ ရခိုင်ပြည် ကိုယ်စားပြု ပါတီတွေဟာလည်း တော်လှန်ရေးကို အားပေးတဲ့ စိတ်ဓာတ်မျိုး မရှိကြဘူး။ တော်လှန်ရေးကို အယုံအကြည် မရှိကြဘူး။ သူတို့တွေဟာ အစိုးရနဲ့ ရသမျှ ပူးပေါင်းပြီး ရသမျှ အခွင့်ရေးယူမယ်။ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရတဲ့ အခွင့်အရေးငယ်တွေလောက်ပဲ တောင်းယူဖို့ ဆန္ဒပဲ ရှိကြတယ်။ နိုင်ငံရေး ရည်းမှန်းချက် မရှိကြဘူး။ ဖွံ့ဖြိုးရေး အတွက်လောက်ပဲ သူတို့ဘောင်ထဲက စည်းမကျော်ဘဲ တောင်းသွားမယ့် ဆန္ဒလောက်ပဲရှိတယ်။ ဒီဟာကြောင့် သူတို့ဟာ ပြည်သူတွေ သတ်ဖြတ်ခံနေရမှုကို အသံ မထွက်တာဖြစ်တယ် ” ဟု ရခိုင်လွှတ်တော်အမတ်ဟောင်း တစ်ဦးက ပြောသည်။
လက်ရှိ လွှတ်တော်ရောက် ရခိုင်ပြည် ကိုယ်စားပြု အမတ်များမှာ သာမန် ဖွံ့ဖြိုးရေးလုပ်ငန်းလောက်ကိုသာ အဆိုတင်သွင်း ဆွေးနွေးနေကြပြီး၊ ရခိုင်နိုင်ငံရေး အခင်းအကျင်း၊ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားခြင်း၊ စစ်ဘေးရှောင်အရေးတို့ကို အဆိုတင်သွင်း ဆွေးနွေးခြင်း တစ်စုံတစ်ရာ မတွေ့ရကြောင်း ဝေဖန်နေကြသည်။
ဆက်လက်ပြီး ၎င်းက “ ကိုယ်ကျိုးစွန့်ပြီး ပြောခြင်းအားဖြင့် အန္တရာယ်ကျရောက်လာမှာကို စိုးရိမ်ကြတဲ့အတွက် သူတို့ အသံမထွက်ဝံ့ကြတာ။ အမှန်တော့ အောင်သည်ဖြစ်စေ၊ မအောင်သည် ဖြစ်စေ ကိုယ့်အဆို၊ ကိုယ့်မေးခွန်း ပြောရမယ့် တာဝန်ရှိတယ်။ အခု သူတို့မှာက အထိန်းခံထားရတဲ့ စက်ရုပ်တွေလိုပါပဲ။ မြန်မာစစ်တပ်က ပြည်သူတွေကို သတ်ဖြတ်မှုတွေ မလုပ်သင့် ဆိုတာမျိုးကို သူတို့ ဦးနှောက်ထဲမှာ မရောက်ဘူး ” ဟု ဆက်ပြောသည်။
ရခိုင်ပြည် ကိုယ်စားပြုအဖြစ် ဒေါက်တာ အေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ဦးဘရှိန် ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ(RNP)အပါဝင် ကြံ့ခိုင်ရေး အမတ်များ လွှတ်တော်တက်နေကြခြင်းဖြစ်သည်။
စစ်အုပ်စုသည် ရခိုင်ပြည်တစ်ခုလုံးနီးပါးကို လက်လွှတ်ဆုံးရှုံးထားရပြီး ကျောက်ဖြူနှင့် စစ်တွေတို့မှာလည်း တိုက်ခိုက်ခံနေရသည့်အတွက် ရခိုင်က အရပ်သားနေထိုင်ရာ မြို့၊ရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်လာနေခြင်းလည်းဖြစ်သည်။
ပုံစာ - ၂၀၂၆ ခုနှစ်၊ မတ် ၂၀ ရက်က ကျင်းပသည့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - မြဝတီ







