မိုးများအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဧရာဝတီမြစ်ရေ ဆက်တက်လာနိုင်

မိုးများအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဧရာဝတီမြစ်ရေ ဆက်တက်လာနိုင်

ကချင်ပြည်နယ်အတွင်းအရှိ မြစ်ကြီးနားမြို့အပါအဝင် ဝိုင်းမော်၊ ဖားကန့်၊ တနိုင်းနဲ့ ပူတာအို စတဲ့ဒေသများမှာ ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဧရာဝတီမြစ်ရေဆက်တိုက်တက်လာနေပြီး မြေပြိုမှုနဲ့ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်တာကြောင့် ဒေသခံများကစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

“ လကုန်ထဲကရွာနေတာ ခုထိလည်းရွာနေတုန်းပဲတစ်ပတ်လောက်တောင်ရှိပြီးကော။ သူများအောက်ရိုးခြံတွေတော့မြှုပ်တယ်လေ။ သေချာတော့သွားမကြည့်ရသေးဘူး။ ဒီချိန်ဆိုရင်တော့ ပုံမှန်ပါပဲဆက်တက်မလာဖို့ပါပဲ” လို့ ဒေသခံတစ်ဦးကအခုလို ပြောပြပါတယ်။

မိုးရွာသွန်းမှုမှာ ရက်သတ္တပတ်ကြာမြင့်နေပြီဖြစ်ပြီး လာမဲ့ ဇွန်လဒုတိယအပတ် ၁၀ ရက်အတွင်း ထပ်တိုးရွာနိုင်ချေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းနေတဲ့ ပူတာအိုမြို့နယ်က မလိခမြစ်အထက်ပိုင်းတစ်လျှောက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာလည်း ရေမြုပ်နေတာတွေကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

မေခမြစ်နဲ့ မလိခမြစ်ရေတစ်ပြိုင်တည်းမြင့်တက်လာပါက ဧရာဝတီမြစ်ရေတက်လေ့ရှိကာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်မှာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး (၁၀၀၀) စင်တီမီတာသို့ရောက်ရှိပါက မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်လေ့ရှိတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဥရုချောင်းစီးဆင်းရာ ဖားကန့်ဒေသထဲက ဖားပြင်-မမုံ-ဆိပ်မူကိုဆက်သွယ်ထားတဲ့ တံတားမှာ ချောင်းရေဟာ တံတားပေါ်ကို ရောက်ရှိလာတဲ့အတွက် ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီလို တံတားဖျက်သိမ်းလိုက်တဲ့အတွက် ဇက်(စက်လှေ)များ ကိုအသုံးပြုသွားလာနေရပြီး ဆိုင်ကယ်တစ်စီး (၃၀၀၀) ကျပ်နဲ့ ကားတစ်စီးကို (၈၀၀၀)ကျပ်ပေးပြီး သွားလာနေရတယ်လို့ဆိုပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မနေ့က ဇွန်လ ၁၁ ရက်နေ့ကထုတ်ပြန်တဲ့ခန့်မှန်းချက်အရ ကချင်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာသွန်းခြင်းတွေ (၈)ရက်မှ (၁၀)ရက်ခန့်အထိ ကြာမြင့်နိုင်ကြောင်း ဖော်ပြထားပါတယ်။

Most read this week

July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...
July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...
July 16, 2026
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို...
July 15, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ထီးချိုင့်မြို့ပေါ်  ရပ်ကွက်အချို့တွင်...