စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ ဒေသခံအနည်းဆုံး ၅,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူတဦးက ဇွန် ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
အင်အား ၃၅၀ ဝန်းကျင်ပါသည့် စစ်အုပ်စုစစ်ကြောင်းသည် ပခုက္ကူတပ်မ(၁၀၁) မှ အနောက်ဘက် ကမ္မမြို့ဘက်သို့ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်ကစပြီး ကမ္မမြို့ပေါ် ရပ်ကွက်များနှင့် အနီးတဝိုက်ရှိ ရပ်ကွက်နှင့် ကျေးရွာ ၁၀ ခုကျော်မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ဇွန်လ ၁၃ ရက်နေ့တွင် ကမ္မသို့ရောက်ရှိပြီး ဇွန် ၁၄ ရက် ညနေပိုင်းတွင် ကမ္မမှ မြိုင်မြို့နယ်၊ တွင်းမပျူရွာဘက်သို့ စစ်ကြောင်းထွက်နေပြီဖြစ်ကြောင်း သိရသည်။
“အခုလောလောဆယ် ကမ္မကနေ ဒီဘက် ထန်းတပင်တို့မှာတော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်တယ်လို့ သိရတယ်။ အခုချိန်ထိတော့ ပြည်သူတွေ ထိသလား မထိသလားဆိုတာ ကျွန်တော်တို့ သဲသဲကွဲကွဲ မသိရသေးဘူး။ ပြည်သူတွေ ဝရုန်းသုန်းကားနဲ့ စစ်ရှောင်ရင်းရွှေ့ပြေးလာရတဲ့ ပြည်သူတွေတော့ ရှိတယ်ဗျ”ဟု အဆိုပါ လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ပခုက္ကူမြို့နယ်အတွင်း မြစ်ခြေနှင့် ကမ္မတို့မှ စစ်ဘေးရှောင်နေရသူ စုစုပေါင်းမှာ ၁၀,၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာ ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေကြောင်း သိရသည်။
“အဓိကကတော့ အမိုးအကာလည်း လိုသလို စားနပ်ရိက္ခာလည်း လိုလိမ့်မယ်ထင်တယ်ဗျ။ စားနပ်ရိက္ခာရယ်၊ အမိုးအကာရယ် အဲ့တာကတော့ အဓိက လိုလိမ့်မယ်ဗျ” ဟု ဆိုသည်။
စစ်အုပ်စုအနေဖြင့် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကစပြီး ပခုက္ကူမြို့မှ အနောက်ဘက်ခြမ်း ပေါက်၊ မြိုင်၊ မြစ်ခြေ၊ ယောဒေသများသို့ စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် ကုန်စည်ပစ္စည်းများ သယ်ယူခွင့်လည်း ပိတ်ဆို့ဖြတ်တောက်ထားသည့်အတွက် အဆိုပါဒေသများတွင် စားနပ်ရိက္ခာ၊ ကုန်စည်ပြတ်လပ်မှုများလည်း ရှိနေကြောင်း သိရသည်။
စစ်အုပ်စု စစ်ကြောင်းသည် မြိုင်နယ်တောင်ပိုင်းရှိ တွင်းမပျူရွာသို့ သွားမည်ဟု ယူဆရသည့်အတွက် မြိုင်နယ်တောင်ပိုင်းမှ ပြည်သူများ စစ်ကြောင်းကို အထူးသတိထားရှောင်ကြရန် လိုအပ်ပြီး မြိုင်နယ် အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့မှ ပြည်သူများ လေကြောင်းအထူးသတိထားနေကြရန် လိုအပ်ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်က ဇွန်လ ၁၃ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မြစ်ခြေမြို့ရှိ ပြည်သူပိုင် နေအိမ်အဆောက်အဦပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး အတည်ပြုနိုင်သည့်စာရင်းအရ ပြည်သူ ၂၄ ဦးကိုလည်း ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။







