စစ်အုပ်စုက အမည်ပြောင်းထုတ်လုပ်လာသည့် “ Keen Beer “ ကို သပိတ်မှောက်ရန် တိုက်တွန်း

စစ်အုပ်စုက အမည်ပြောင်းထုတ်လုပ်လာသည့် “ Keen Beer “ ကို သပိတ်မှောက်ရန် တိုက်တွန်း

ရောင်နီ — အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က နာမည်အသစ်ဖြင့် ထုတ်လုပ်ထားသည့်  “ Keen Beer “ အမည်ဖြင့် ဘီယာအမှတ်တံဆိပ်အပါအဝင် စစ်အုပ်စုတပ်ထုတ်ကုန်များအားလုံးကို သပိတ်မှောက်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ 

“ Keen Beer “ ဆိုသည့် အမည်သစ်ဖြင့် ဘီယာကို စစ်အုပ်စုလက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် Super Six International Company Limitedတို့ ပူးပေါင်းထုတ်လုပ်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။ 

ပြည်သူများ၏ နေ့စဉ်ဘ၀ကို နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးနေသည့် စစ်အုပ်စုသည် ၎င်းတို့၏ ဘဏ္ဍာငွေကို ဖြည့်တင်းနိုင်ရန် ဘီယာအမည်သစ်ကို စျေးကွက်အတွင်း ထုတ်လုပ်ဖြန့်ချိကာ သွေးစွန်းငွေရှာဖွေရန် လုပ်ဆောင်နေကြောင်း ထောက်ပြသည်။ 

"ငွေတကျပ်သည် ကျည်ဆန်တတောင့် ဖြစ်သွားနိုင်သည်" ကို သတိပြုပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် Keen Beer နှင့် စစ်တပ်ထွက်ကုန်အားလုံးကို ပြတ်ပြတ်သားသား ဆက်လက်သပိတ်မှောက်ရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်သည်။ 

ပြည်သူများအနေဖြင့် “Keen Beer” အပါအဝင် စစ်တပ်ပိုင် အခြားထုတ်ကုန်အားလုံးကို လုံးဝ (လုံးဝ) ဝယ်ယူသောက်သုံးခြင်း မပြုကြရန်၊ ဆိုင်ရှင်များ ဖြန့်ချိသူများအနေဖြင့် မိမိတို့ဆိုင်များတွင် အဆိုပါဘီယာကို တင်သွင်းရောင်းချခြင်းမပြုဘဲ ပြည်သူ့ဘက်မှ ရပ်တည်ပေးကြခြင်းဖြင့် တတ်နိုင်သည့်ဘက်မှ တော်လှန်ရေးတွင်ပါဝင်ကြရန် မေတ္တာရပ်ခံထားသည်။ 

အလားတူ မိမိတို့ ပတ်ဝန်းကျင်ရှိ  မိသားစုများ၊ မိတ်ဆွေများအားလည်း စစ်တပ်ထုတ်ကုန် ဘီယာတံဆိပ်အသစ်ကို မှားယွင်းဝယ်ယူမှု မဖြစ်စေရေး လက်ဆင့်ကမ်း သတိပေးကြရန် တိုက်တွန်းထားသည်။ 

“ အရင်က မြန်မာဘီယာကို သပိတ်မှောက်တဲ့ အချိန်ကတည်းက Tiger ဘီယာကို ပြောင်းသောက်ဖြစ်တယ်။ Keen ဆိုတဲ့ ဘီယာ ပေါ်လာတဲ့အချိန်လည်း အသစ်ဆိုတော့ စမ်းသောက်ဖူးတယ်။ သူက ကြော်ငြာအားကောင်းတယ်။ စစ်တပ်ထုတ်ကုန်ဆိုတာကိုတော့ မသိထားဘူး” ဟု ရန်ကုန်မြို့ရှိ လူငယ်တဦးက ပြောသည်။ 

တော်လှန်ရေးအင်အားစုများက သပိတ်မှောက်ရန် နှိုးဆော်နေသည့်အခြေအနေနှင့် ပတ်သက်၍ Keen Beer ကုမ္ပဏီထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

မဇ္ဈိမ၏ တွေ့ရှိချက်အရ လူမှုကွန်ရက်(Facebook) ပေါ်တွင် “ Keen Lager “ အမည်ဖြင့် လူမှုကွန်ရက် စာမျက်နှာကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် Keen အမှတ်တံဆိပ် ဘီယာများကို ပုံစံမျိုးစုံဖြင့် ကြော်ငြာထားသည်ကို တွေ့ရသည်။ 

အလားတူ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ပြန်ဖွင့်ခဲ့သည့် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၁၉ လမ်း ညစျေး ဆိုင်းဘုတ်၏ အပေါ်ဆုံးတွင်လည်း Keen အမှတ်တံဆိပ် Logo ဖြင့် ကြေညာမှု ပြုလုပ်ခဲ့ခြင်းများ ရှိခဲ့သည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...