သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ KNU နှင့် IEC ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ KNU နှင့် IEC ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က ပူးတွဲစာထုတ်သည်။

ဇွန်လ(၅)ရက်တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့က သဘာဝသယံဇာတများ၊ ဂေဟစနစ်နှင့် မြစ်ချောင်းများကို ကာကွယ်စောင့်ရှောက်သွားရန် ပူးတွဲထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာ၊ စိန်ခေါ်မှုများနှင့် ရေရှည်ဖြေရှင်းနိုင်မည့် လက်တွေ့နည်းလမ်းများကို ထုတ်ဖော်ရန် အရပ်ဖက်အဖွဲ့များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ရက်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဟု KNU နှင့် IEC က ဆိုသည်။

၎င်းတို့အနေဖြင့် ပံ့ပိုးကူညီသွားရန် လမ်းဖွင့်ပေးထားသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အားကောင်းစေမည့် သတင်းအချက်အလက်များ မျှဝေခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းတို့ကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထို့အပြင် KNU နှင့် IEC အုပ်ချုပ်နယ်မြေများတွင် သတ္တုတူးဖော်ရေး၊ သဘာဝသဃံဇာတစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ကာကွယ်ရေးအားကောင်းလာစေရန် စီမံအုပ်ချုပ်ပုံစံကို မြှင့်တင်မည်ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများအတိုင်း နယ်မြေနှင့်ကိုက်ညီသည့် မူဝါဒ၊ စည်းမျဥ်းများကို ဖော်ထုတ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တဖက်တွင်လည်း ထိုင်းနှင့်မြန်မာဆက်စပ် မြစ်ချောင်းများရှိ သတ္တုတူးဖော်မှုလုပ်ငန်းများကြောင့် ရေ၊ မြေညစ်ညမ်းပြီး အဆိပ်အတောက်ပါဝင်လာရာမှ လူထု ကျန်းမာရေး၊ နေ့စဥ်ဘဝနှင့် စီးပွားရေးအပေါ် ထိခိုက်မှုရှိနေကြောင်း သုတေသနပညာရှင်တို့က အချက်အလက်ဖြင့် ထောက်ပြနေကြသည်။ 

ယင်းကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း အင်အား(၆၀၀)ထက်မနည်း ပါဝင်သော လူထုလှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်လာပြီး မြစ်ချောင်းများကိုကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ထိုင်းအစိုးရထံ တောင်းဆိုနေကြခြင်းလည်း ရှိသည်။

ထို့အတူ KNU နှင့် IEC ၏ ပူးတွဲထုတ်ပြန်ချက်တွင် နိုင်ငံနယ်နိမိတ်များပိုင်းခြားထားသော်လည်း သံလွင်မြစ်အပါအဝင် ရေလမ်းကြောင်းများအပေါ် သက်ရောက်နေသော သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းကြောင့် စိုးရိမ်ရမှုက ထပ်တူကျနေပြီး မြစ်ညာမှမြစ်အောက်၊ ထို့နောက် မြစ်ဝှမ်းတစ်ခုလုံးကို အကျိုးဆက်ဖြစ်စေသည်ဟု ဆိုသည်။

ယင်းကြောင့် သက်ဆိုင်ရာ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် နည်းပညာအထောက်အကူပြု စူးစမ်းဖော်ထုတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းသွားသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် တစ်ကမ္ဘာလုံးဂရုပြုပါဝင်လာရန် တွန်းအားပေးသည့်အနေဖြင့် ၁၉၇၂ ခုနှစ်က ကုလသမဂ္ဂညီလာခံမှ ပြုလုပ်ရန် စတင် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ 

Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...
Photo: Myaung Education Network
June 2, 2026
ကြားကာလပညာရေးဖော်ဆောင်ရာတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် CDM များအား လခပေး ဝန်ထမ်းအဖြစ်...