နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှု အိုးအိမ်မဲ့မိသားစုများ ရေရှည်ပြန်လည်ထူထောင်ရေး အခက်အခဲဖြစ်

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှု အိုးအိမ်မဲ့မိသားစုများ ရေရှည်ပြန်လည်ထူထောင်ရေး အခက်အခဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ ယမ်းသိုလှောင်ဂိုဒေါင် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရပ်သားပြည်သူ ၇၀ ကျော်အထိ ရှိနေပြီး ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါ ယမ်းဂိုဒေါင် ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသည့်အပြင် ဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရသူ အများအပြား ကျန်ရှိနေသေးခြင်း ဖြစ်သည်။

"ဆေးရုံမှာ လူနာက ၇၀ ကျော်လောက် ရှိတယ်ဗျ။ သူတို့တွေက လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအပြင် လူမှုရေး၊ ကျန်းမာရေးအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေနဲ့ အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်" ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာရှိ နေအိမ် ၁၀၀ ကျော်မှာလည်း လုံးဝပျက်စီးဆုံးရှုံးသွားခဲ့ရသဖြင့် လက်ရှိတွင် အိုးအိမ်မဲ့ဖြစ်သွားသည့် ဒေသခံမိသားစုများစွာ ရှိနေကြောင်း သိရသည်။

၎င်းက ဆက်လက်၍ "တချို့မိသားစုတွေဆို အိမ်ခြေ ၁၀၀ ကျော်လောက်က လုံးဝကို နေစရာ နေရာမရှိတော့ဘူး။ အဝတ်အစားတွေကအစ၊ အိုးခွက်ပန်းကန်တွေကအစ ဘာမှကို မကျန်တော့တာ။ အကုန်လုံး ပျက်စီးသွားတာဆိုတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် အဝတ်အထည်၊ အိုးခွက်ပန်းကန်နဲ့ ငွေကြေးအကူအညီတွေက လုံးဝကို လိုအပ်နေတာပါ" ဟု မြေပြင်အခြေအနေကို ရှင်းပြသည်။

နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူနှင့် ဒဏ်ရာရသူ အများအပြား ရှိခဲ့ပြီး ရွာလုံးကျွတ်နီးပါး နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိတွင် ဒေသခံများမှာ ရေရှည်ပြန်လည်ထူထောင်ရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

အိမ်ပျက်စီး၍ နေစရာမရှိသူများအား တအောင်းတပ် (TNLA) က နေရာချထား‌ရေး ဆောင်ရွက်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူများနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများအား ကူညီပံ့ပိုးပေးလိုသူများအနေဖြင့် တအာင်းပြည်ကောင်စီ(TLC)မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLC က ထုတ်ပြန်ထားသည်။

June 4, 2026
ပါခွီး — ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ လစဥ် ပျှမ်းမျှ ၁၆...
June 3, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဆိုပါက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်...
June 2, 2026
ယမင်းဖူးပွင့်အောင် — ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို စစ်အုပ်စုတပ်က စစ်ကား အစီး ၂၀၀ ဖြင့်...
June 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာပေးပို့ထားခြင်း...