ကုလားတန် စီမံကိန်းနှင့် သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်း အပြီးသတ်နိုင်ရေး အိန္ဒိယ တိုက်တွန်း

ကုလားတန် စီမံကိန်းနှင့် သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်း အပြီးသတ်နိုင်ရေး အိန္ဒိယ တိုက်တွန်း

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နှင့် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းတို့ကို အပြီးသတ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တို့ ရောက်ရှိချိန်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်က ပြောခဲ့ခြင်းဖြစ်ကြောင်း စစ်အုပ်စု သတင်းစာများတွင် ဖော်ပြထားသည်။ 

အိန္ဒိယဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ဒေသတွင်းမှာ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေး ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုကို သဘောတူညီခဲ့ကြောင်း စစ်တပ်သတင်းစာများတွင် ဝါဒဖြန့်ထားသည်။ 

အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် တည်ဆောက်နေသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် စစ်တွေဆိပ်ကမ်းမှ ပလက်ဝမြို့ဆိပ်ကမ်းကို ဖြတ်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်သည့် မဟာဗျူ ဟာအရ အရေးကြီးသော စီမံကိန်းတစ်ခုဖြစ်သည်ဟု သိရသည်။ 

စစ်တွေရေနက်ဆိပ်ကမ်းနှင့် ပလက်ဝကုန်တင်ဆိပ်ကမ်း တည်ဆောက်မှု ပြီးစီးသော်လည်း လက်ရှိမှာ ပလက်ဝမြို့တွင် အကောင်အထည်ဖော်မည့် စီမံကိန်းတချို့နှင့် ပလက်ဝမှ အိန္ဒိယနယ်စပ်အထိ ဆက်သွယ်မည့် အဝေးပြေးကား လမ်းစီမံကိန်းမှာ တိုက်ပွဲများကြောင့် မပြီးသေးကြောင်း သိရသည်။ 

လက်ရှိမှာ ပလက်ဝမြို့နယ်နှင့် စီံမံကိန်းနယ်မြေအများစုကို ULA/ AA နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ် ထားသည်ဟု သိရသည်။ 

၂၀၀၈ ခုနှစ်က သဘောတူစာချုပ် ချုပ်ဆိုပြီး စတင်ခဲ့သည် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ ဆောင်ရေးစီမံကိန်းသည် စစ်တွေဆိပ်ကမ်း၊ ပလက်ဝပြည်တွင်းရေးကြောင်း ဆိပ်ကမ်းနှင့် ဆက်စပ် စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၀ သန်းခန့်ရှိကြောင်း သိရသည်။ 

ထို့အပြင် ပလက်ဝမှ မြန်မာ- အိန္ဒိယနယ်စပ်အထိ အဝေးပြေးကားလမ်းစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ဖြစ်ပြီး ယင်းစီမံကိန်းတစ်ခုလုံး၏ ခန့်မှန်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈၄ သန်းဖြစ်ကြောင်း သိရသည်။ 

အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းသည် အိန္ဒိယ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့နှင့် စစ်ကိုင်း၊ တမူးမြို့မှတဆင့် ကလေးဝ-ယာကြီးလမ်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မြဝတီမြို့ လမ်းကြောင်းကို ဖြတ်၍ ထိုင်းနိုင်ငံ ၊ မဲဆောက်အထိ ဆက်သွယ်ထားသည့် စီမံကိန်းကြီးဖြစ်သည်ဟု သိရသည်။ 

ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးမြင့်ရန် ရည်ရွယ်သည့် မိုင်ပေါင်း ၈၇၀ ရှည်လျားသော ထိုအဝေးပြေးလမ်းမစီမံကိန်းသည် ၂၀၁၉ ခုနှစ် အပြီးသတ်ရန် မျှော်မှန်ထားခဲ့ကြောင်း သိရသည်။ 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်တွင် ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ ရူးပီနှင့် ကျပ် ငွေပေးချေမှုနှင့် အိန္ဒိယက ပညာသင်ဆု တိုးမြင့်ပေးမည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

နှစ်နိုင်ငံစလုံးမှ မိမိတို့၏ ပိုက်နက်နယ်မြေကို အသုံးပြု၍ တဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်နစ်နာစေမည့် ဆောင်ရွက်မှုများကို တားဆီးသွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

June 2, 2026
မကွေး- ချင်းအစပ်၊ ယောဒေသ၊ ပုံတောင်နတ်ထိပ်ဒေသတွင် အင်အားတစ်ထောင်ကျော် အာဏာသိမ်းစစ်တပ်နှင့်...
May 30, 2026
အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေသည့် လက်ရှိကာလအတွင်း မင်းတပ်မြို့ပေါ်တွင်...
May 29, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီး (Lungpi) ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ထားသည့်...
May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...