မြစ်ကြီးနားတပ်သို့ စစ်ကား အစီး ၂၀၀ ဖြင့် စစ်အုပ်စု အင်အားဖြည့်

မြစ်ကြီးနားတပ်သို့ စစ်ကား အစီး ၂၀၀ ဖြင့် စစ်အုပ်စု အင်အားဖြည့်

ယမင်းဖူးပွင့်အောင် — ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို စစ်အုပ်စုတပ်က စစ်ကား အစီး ၂၀၀ ဖြင့် စစ်အင်အားဖြည့်တင်းခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ပို့ဆောင်ခြင်းဖြစ်ပြီး စစ်အင်အားဖြည့်တင်းမှုများလည်း ရှိနိုင်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က မဇ္ဈိမကိုပြောသည်။

“သူတို့ကတော့ အဓိက ရိက္ခာခဲယမ်း၊ စက်သုံးဆီ ဒါတွေဖြည့်တင်းတာ၊ စစ်အင်အားတချို့လည်းပါမှာပဲ။ ဝှက်ပြီးတော့ သယ်မှာပဲ။ ပြည်သူတွေအတွက် ရိက္ခာ၊ စက်သုံးဆီလို့ ခေါင်းစဉ်တပ်တာပဲ။ ဒါပေမယ့် အင်အားတွေတော့ ပါမယ်လို့ ကျနော်တို့ကတော့ မှန်းတယ်” ဟုဆိုသည်။

အဆိုပါ စစ်ကားအစီး ၂၀၀ မြစ်ကြီးနားမြို့သို့ရောက်ရှိသည့်ကိစ္စနှင့် စပ်လျဉ်း၍ ကချင်အမျိူးသားလွတ်မြောက်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်တဦးကလည်း အတည်ပြုထားသည်။

စစ်အုပ်စုတပ်က မြစ်ကြီးနား-ဗန်းမော်လမ်းမကြီး ပြန်ဖွင့်နိုင်အောင် ကြိုးစားနိုင်သည်ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။

“မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးကို ဖွင့်နိုင်အောင် သူတို့ကြိုးစားလိမ့်မယ်ဗျ။ ဘာလို့လဲဆိုတော့ အောက်ဘက်မှာ ရွှေကူဘက်ကနေလည်း ဗန်းမော်ဘက်ကိုသွားနေတာရှိတဲ့အတွက် စစ်ကြောင်းတွေ ပေါင်းသွားပြီဆိုရင် ဗန်းမော်ဘက်က တကြောင်း၊ မြစ်ကြီးနား ဝိုင်းမော်ဘက်က တကြောင်းနဲ့ ပြည်ထောင်စုလမ်းမကို အရင်ဖွင့်မယ်။ ပြီးတော့မှ ကျန်တဲ့ စစ်မျက်နှာတွေကို လှုပ်ရှားလာမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က NCA ငြိမ်းချမ်းရေးဆွေးနွေးရန် KIA ထံ စာပေးပို့လာခြင်းမရှိဟု သတင်းများထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ စစ်အင်အားဖြည့်တင်းလာခြင်းဖြစ်သည်။

ကချင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာအချို့တွင်လည်း နေပြည်တော်စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

ဓာတ်ပုံ- စစ်အုပ်စုတပ် တင့်ကားများကို ၇၂ နှစ်မြောက်စစ်ရေးပြ အခမ်းအနားတွင် တွေ့ရစဉ်။ (CINCDS)

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...