မကွေး- ချင်းအစပ်၊ ယောဒေသ၊ ပုံတောင်နတ်ထိပ်ဒေသတွင် အင်အားတစ်ထောင်ကျော် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်တပ်မှ ၈၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ထက်မနည်းရှိ သည်ဟု သိရသည်။
ယောဒေသ၊ ပုံတောင်နတ်ထိပ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် မေလ ၁၃ ရက်မှ ယနေ့အထိ ထိတွေ့တိုက်ပွဲများ ၁၀၀ ထက်မနည်း ရှိခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ယောတပ်တော် (YA) နှင့် ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) တို့က မေလ ၃၁ ရက်က ထုတ်ပြန်သည်။
“အဲဒီစစ်တပ်ရဲ့ စစ်ကြောင်းတွေထဲက တစ်ကြောင်းကတော့ ဆောမြို့ကို မနေ့က ရောက်သွားပါပြီ။ နောက်တစ်ကြောင်းကတော့ မေလ ၂၉ ရက် စတင်လို့ မင်းတပ်ဘက်ကို ဆက်ထိုးနေပါတယ်။ တိုက်ပွဲအခြေအနေကတော့ လက်ရှိအချိန်ထိ ထိတွေ့မှုတွေ ဆက်ရှိနေကြပါတယ်။ အသေးစိတ်ကိုတော့ ပြောပြလို့ မရသေးပါဘူး။ ဒီဘက်က ဒေသခံကျေးရွာတွေကတော့ စစ်ဘေးရှောင် နေကြရပါတယ်” ဟု ယောဒေသခံတစ်ဦးက ပြောသည်။
မေလ ၁၁ ရက်က ပေါက် ကပစ - ၂၄ မှ ထွက်လာသော စစ်အင်အား ၄၀၀ ဝန်းကျင်ပါရှိသော စစ်တပ်စစ်ကြောင်း၊ မေလ ၂၂ ရက်က ကပစ - ၂၄ မှ ထွက်လာသော အင်အား ၉၀၀ ခန့်စစ်ကြောင်း နှင့် စစ်ယာဉ်တန်းများအပါအဝင် အင်အား တစ်ထောင်ကျော် စစ်ကြောင်းသည် ချင်းတောင်ပိုင်းသို့ ဦးတည်၍ ယောဒေသသို့ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
စစ်တပ်စစ်ကြောင်းများကို ယောဒေသမှာ ကြားဖြတ်တိုက်ပွဲများတွင် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုဘက်မှ ထိခိုက်ဒဏ် ရာရရှိမှု၊ ကျဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်၊ သေဆုံးသူ ၈၀ ကျော် ရှိပြီး ဖမ်းဆီးရမိ စစ်သုံ့ပန်းများနှင့် လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယောဒေသတိုက်ပွဲများသည် ချင်းတောင်ဦးတည်နေသော စစ်တပ်၏ ပင်မဆက်သွယ်ရေးလမ်းကြောင်းကို ကြားထဲမှ အဆင့်ဆင့် ဖြတ်ပေးနိုင်လျှင် ချင်းတောင်ပိုင်းသို့ စစ်တပ်က လုံးပါးပါး၍ ရောက်သွားရပြီး တိုက်စစ်ဦးကျိုးသွားမည့် အနေအထားဖြစ်နိုင်သည် ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။
“Yaw တပ်တို့၊ PLA တို့ကတော့ ကြားဖြတ်တိုက်ခိုက်လိုက်တာပါ။ ဒါပေမယ့် အဓိကက ကျောက်ထုနဲ့ ဆော၊ လောင်းရှည်မှာ ရှိတဲ့ တပ်တွေက အဓိက တိုက်စစ်တပ်တွေပါ။ သူတို့တိုက်လိုက်တာက ချီစစ်သွားနေတဲ့အချိန်မှာ တိုက်ခိုက်လိုက်တဲ့ အနေအထားမျိုးပဲ။ သူတို့ ဖော်ပြချက်ထဲမှာလည်း ပါပါတယ်။ ကပစ ထဲကနေ ထွက်လာမယ့် ယာဉ်တန်းတွေ ရှိလို့ တပြင်းမှာ သူတို့ လမ်းကြောင်း လုံခြုံရေး လုပ်နေရတာလည်း ရှိတယ်။ အဲတော့ ဖြတ်တောက်တာလည်း မင်းတပ်တိုက်ပွဲ အရှိန်ကိုတော့ လျော့စေတယ်။ တကယ့် မင်းတပ်တိုက်ပွဲတွေသာ စလာမယ်ဆိုရင် ဒေသတော်လှန်ရေးတပ်တွေ ယောတပ်တွေကလည်း တိုက်စစ်ဆင်နေတဲ့ စကစတွေရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက် တိုက်မယ်ဆိုရင်တော့ ချင်းပြည်တခါးပေါက်ဟာ သူတို့အတွက် မရဏတံခါး ဖြစ်လိမ့်မယ်။ ဒါပေမယ့် ထောက်ပို့လမ်းကြောင်းကြီး ပွင့်နေရင်တော့ ချင်းတပ်တွေလည်း ကြံ့ကြံ့ခံနိုင်ပေမယ့် အဖိတ်အစင် များမယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ယောဒေသ၊ ပုံတောင်နတ်ထိပ်တကြော တိုက်ပွဲများတွင် စစ်တပ်သည် အရပ်သားပြည်သူများကို လူသားဒိုင်အဖြစ် ဖမ်းဆီးခေါ် ဆောင်၍ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ စစ်ဘေးရှောင်နေရာများကို အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန်၊ ဘေးကင်းလုံခြုံ ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရန် တော်လှန်ရေး အင်အားစုများက နှိုးဆော် ထားသည်။
ဆောမှတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်များနှင့် ချင်းပူးပေါင်းတပ်တို့လည်း ကန်ပက်လက် မြို့အနီး ၆ မိုင်ဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။







