AA ထိန်းချုပ်နယ်မြေများကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်

AA ထိန်းချုပ်နယ်မြေများကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG

ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့် ဒရုန်းအသုံးပြုကာ ဆက်တိုက်တိုက်ခိုက်လာနေပြီး အရပ်သားသေဆုံးမှုမှာလည်း တိုးမြင့်လာနေသည်။

မေ ၂၈ ရက် နံနက်ပိုင်းတွင် ရမ်းဗြဲ-ကျောက်ဖြူအစပ် ပိန္နဲတောင်ဦးအနီး လမ်းပြုပြင်နေသည့်နေရာအား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘတ်ဟိုးယာဉ်မောင်း အမျိုးသားအပါအဝင် ၃ ဦး သေဆုံးပြီး လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အဲဒီနေရာက သွားရလာရ အဆင်မပြေတော့ ပြန်ပြင်နေတာ။ ဒီလိုလမ်းလုပ်နေတဲ့ အချိန်ကြီး ဗုံးနဲ့ လာချတာ” ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၂ စီး အသုံးပြုကာ ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူအချို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကာ ဆေးကုသမှုခံယူနေရကြောင်းလည်း ဒေသခံများက ဆိုသည်။

အလားတူ မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့တစ်ဖက်ကမ်းရှိ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော် ကျေးရွာအနီး တောင်တန်းများကို စစ်လေယာဉ် ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် စနဲမြို့တွင်လည်း စစ်တပ်၏ တောင်မော်ဦးရေတပ်စခန်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး မေ ၂၈ ရက်တွင် ရွှေဟင်္သာရပ်ကွက်အား ဗုံးသီး ၆ လုံး ကြဲချခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေ ၂၇ ရက်ကလည်း စနဲမြို့ပေါ်သို့ ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့သဖြင့် နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး မေ ၂၆ ရက် တိုက်ခိုက်မှုအတွင်း အသက် ၇၈ နှစ်အရွယ် ဦးမောင်ရွှေစိန် သေဆုံးခဲ့သည်။

ထို့ပြင် နေဗီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး မေ ၁၉ ရက်တွင်လည်း စနဲမြို့ ရွှေဟင်္သာရပ်ကွက်ကို လေယာဉ်အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်က အရပ်သားနေထိုင်ရာဒေသများကို လေကြောင်း၊ ဒရုန်းနှင့် စစ်သင်္ဘောလက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲများကြောင့် စနဲမြို့အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

စစ်တပ်၏ ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး အရပ်သားများအား ဖိအားပေးကာ AA နှင့် ညှိနှိုင်းမှုဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေးအကဲခတ်သူတို့က ရှုမြင်ကြသည်။

“ရှမ်းမြောက်မှာလိုမျိုး လေကြောင်းဖိအားဒဏ်ကို မခံနိုင်တော့လို့ တော်လှန်ရေးတပ်ဖြစ်တဲ့ အေအေနဲ့ ညှိနှိုင်းရတော့မယ် ဆိုတဲ့ အခင်းအကျင်းမျိုးကို လိုချင်တာပေါ့။ ဒါပေမယ့် ဒေသအနေအထားမတူတော့ ဒီလို ဖိအားပေးတာက စကစအတွက် စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ဖြစ်စဉ်အရေအတွက်ပဲ တိုးလာမယ်လို့ မြင်တယ်” ဟု ရခိုင် စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

ရခိုင်ဒေသအတွင်း လက်ရှိ စစ်အုပ်စုက စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီး စစ်တွေနှင့် ကျောက်ဖြူတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

ကျောက်ဖြူစစ်မျက်နှာတွင် စစ်တပ်က အရှုံးနှင့်ရင်ဆိုင်နေရပြီး AA ထိုးစစ်ကို တားဆီးရန် ကျောက်ဖြူနှင့် မာန်အောင်မှာ Gyrocopterနှင့် Paramotor လို့ခေါ်သော စက်တပ်လေထီး အများအပြားပို့ဆောင်ထားကာ မေလ ၂၅ ရက်မှစ၍ လေ့ကျင့်ပျံသန်းနေကြောင်း သိရသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...