စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ် ပယ်ဖျက်ပေးရန် အိန္ဒိယဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာပေးပို့

စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ် ပယ်ဖျက်ပေးရန် အိန္ဒိယဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာပေးပို့

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီထံ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၁၂၂ ခုက အိတ်ဖွင့်စာပေးပို့ တောင်းဆိုသည်။

မေလ ၂၈ ရက် ရက်စွဲဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း People Movement Platform - Myanmar ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်သည် မေလ ၃၀ ရက်တွင် နေပြည်တော်မှ ထွက်ခွာကာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။ ဇွန်လ ၁ ရက်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံကာ နှစ်နိုင်ငံကြား သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာစေရေး ဆွေးနွေးမည်ဖြစ်သည်။

အိတ်ဖွင့်စာတွင် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားနေခြင်းမှာ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထိုသို့ စစ်အုပ်စုကို တရားဝင်ဧည့်ခံခြင်းသည် ပြည်သူလူထုအပေါ် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို တရားဝင်မှုပေးရာ ရောက်လိမ့်မည်ဟု ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများသည် အိန္ဒိယ၏ နယ်စပ်လုံခြုံရေး၊ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာမြောက် အကျိုးစီးပွားများကိုပါ ခြိမ်းခြောက်နေ၍ အိန္ဒိယအစိုးရအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်ပေးရန် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားကြသည်။

စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

ထိုခရီးစဉ်အပေါ် နယူးဒေလီရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြရန် စီစဉ်ထားသော်လည်း နယူးဒေလီအစိုးရက ဆန္ဒပြခွင့် ခွင့်ပြုချက်မပေးကြောင်း သိရသည်။

July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...
July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...