မွန်ပြည်နယ်မှာ စစ်တပ် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရရှိထားတဲ့ မွန်ညီညွတ်ရေးပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ဟာ လွှတ်တော် ကိုယ်စားလှယ်ရုံးတွေကို အပြိုင်အဆိုင် ဖွင့်လှစ်လာပါတယ်။
လွှတ်တော် ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ရတာဟာ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသခံပြည်သူလူထုတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ပါတီတွေဘက်က အသိပေးထားပါတယ်။
ဒါကြောင့် ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်ရုံးမှာ တိုက်ရိုက်ဆွေးနွေးတင်ပြနိုင်ပြီး တွေ့ဆုံချင်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ရက်ချိန်းယူနိုင်တယ်လို့ ကြေညာထားပါတယ်။
မော်လမြိုင်မြို့ခံတစ်ဦးက ပြည်သူတွေရဲ့ အခက်အခဲပြဿနာတွေကို လွှတ်တော် ကိုယ်စားလှယ်ရုံးတွေထံ သွားရောက်တင်ပြဖို့ အဆင်မပြေကြောင်းနဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မြေပြင်ကွင်းဆင်းဆောင်ရွက်ဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အကောင်းဆုံးကတော့ ဥပမာ ကျွန်တော်တို့ ဆီ ပြဿနာ ဖြစ်တဲ့ကာလဆိုလို့ရှိရင် အမှန်တကယ် လွှတ်တော်အမတ်တွေက ဆီဆိုင်မှာ လာပြီးတော့ ဘယ်လို အခက်အခဲ ရှိလဲ။ကွင်းဆင်း ပြီးတော့ ပြည်သူအခက်အခဲကို မေးရမယ့် ဟာပေါ့။သူတို့ ရုံးမှာ ကျွန်တော်တို့ သွားပြီးတော့ သွားတိုင် ရမှာတို့ သွားပြောရမှာတို့ ဘာတို့ အကြံဉာဏ် ပေးရမှာတို့ကျတော့ သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ပေါင်၊ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ လွှတ်တော် ကိုယ်စားလှယ်ရုံးခန်းတွေ ဖွင့်လှစ်ထားပါတယ်။
အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း ကျိုက်မရော၊ မုဒုံ၊ သထုံနဲ့ ဘီးလင်းမြို့နယ်တို့မှာ လွှတ်တော် ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ထားတဲ့ ကျန်တဲ့မြို့နယ်တွေမှာလည်း လွှတ်တော် ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။
ရေးမြို့နယ် ဒေသခံ တစ်ဦးကတော့ လွှတ်တော် ကိုယ်စားလှယ်ရုံးတွေ လိုက်ဖွင့်နေပေမယ့် မြေပြင် ကွင်းဆင်းဆောင်ရွက်မှု မရှိတာကြောင့် ထိရောက်မှု မရှိနိုင်ဘူးလို့ ဝေဖန်ပါတယ်။
“ဒါက ထိရောက်မှု မရှိနိုင်ဘူး။ပြဿနာ ပိုကြီး လာနိုင်တယ်လို့ ထင်တယ်။ ဥပမာ မြေပြင်မှာ ဖြစ်တဲ့ ကိစ္စတစ်ခုကို အရင်သူတို့ဆီကို သွားပြီး စာနဲ့ စာတစ်တံ ပေတစ်တံနဲ့ တိုင်တဲ့ သူက အမှန်တရားလို့ သူတို့ ယူဆလိုက်မယ်ဆိုရင် မြေပြင်နဲ့ လက်တွေ့ ဝေးနေမယ်လို့ ကျွန်တော်တော့ ထင်တာပေါ့။ ပြီးလို့ရှိရင် အခုချိန်ထိ ကျွန်တော်တို့မြို့ရဲ့ နိုင်သွားတဲ့ ကိုယ်စားလှယ်တွေက ဒီမြို့နဲ့ ပတ်သက်ပြီး တင်ပြတာ မတွေ့ဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်ရုံးတွေသာ ဖွင့်လှစ်ပြီး ပြည်သူတွေရဲ့ အခက်အခဲကို လက်တွေ့ မြေပြင်ထိ ကွင်းဆင်းပြီး မဆောင်ရွက်ပေးနိုင်ပါက ဘာမှ ပြေလည်လာမှာ မဟုတ်သလို ပြည်သူတွေအနေနဲ့ ရုံးကိုသွားပြီး အခက်အခဲ တင်ပြ ရမယ်ဆိုတာ မဖြစ်သင့်ဘူးလို့ သူက ဆက်ပြောပါတယ်။
အရင်က သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေဟာ မြေပြင်အထိ ကွင်းဆင်းပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကို မေးမြန်းကာ လွှတ်တော်မှာ မေးမြန်းတာ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ် ဖြေရှင်း ပေးတာတွေ လုပ်ဆောင် ခဲ့ကြတာပါ။
လက်ရှိမှာတော့ စစ်တပ် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း အခက်အခဲတွေကို မြေပြင်ထိ ကွင်းဆင်း မေးမြန်း ဆောင်ရွက်မှု အားနည်းနေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ် လွှတ်တော်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၁ နေရာနဲ့ တပ်မတော်သား ကိုယ်စားလှယ်နေရာ ၈ နေရာ၊ မွန်ညီညွတ်ရေးပါတီကတော့ ကိုယ်စားလှယ် ၇ နေရာ ရရှိထားပါတယ်။
ဒါ့အပြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီနဲ့ အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီတို့ကလည်း ကိုယ်စားလှယ် ၁ နေရာဆီ ရရှိထားတာ ဖြစ်ပါတယ်။







