ကပစ- ၁၆ အနီး AA ထိုးစစ်ရောက်လာ၍ စစ်တပ်မိသားစုဝင်များ ရွှေ့ပြောင်းနေ

ကပစ- ၁၆ အနီး AA ထိုးစစ်ရောက်လာ၍ စစ်တပ်မိသားစုဝင်များ ရွှေ့ပြောင်းနေ

အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံနှင့် ၃ မိုင်အကွာသို့ ရောက်ရှိလာ၍ စစ်တပ်မိသားစုဝင်များနှင့် ရဲမေအချို့ကို တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ မေလ ၁၄ ရက်ကစပြီး ရွှေ့ပြောင်းမှုများ လုပ်နေကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် မေလ ၄ ရက်ကတည်းက ကပစ-၁၆ ၏ ရှေ့တန်းကာကင်းစခန်းဖြစ်သည့် ပွိုင့်-၅၀၀ စခန်းကုန်းကို တိုက်ခိုက်ပိတ်ဆို့ထားပြီးနောက် အခြေအနေ မဟန်သဖြင့် စစ်အုပ်စုသည် ကပစ-၁၆ ထဲက တပ်မိသားစုဝင်များကို နေရာပြောင်းနေခြင်းဖြစ်သည်။

ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ ပကစ-၁၆ ရဲ့ရှေ့တန်း ကာကင်းဖြစ်တဲ့ ပွိုင့် - ၅၀၀ စခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် တပ်မိသားစုဝင်တွေနဲ့ ရဲမေအချို့ကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေတာ။ အထူးသဖြင့် အရာရှိ မိသားစုတွေနဲ့ ကလေးတွေ အမျိုးသမီးတွေကို ပြောင်းနေတာ။ သူတို့က ရခိုင်စစ်ပွဲမှာ မိသားစုဝင်တွေကို ကြိုတင် မပြောင်းနိုင်ခဲ့တာကြောင့် တပ်ရင်းလိုက် အလင်းဝင်ခဲ့တာရှိတော့ ကြိုတင်ပြီး ပြင်ဆင်နေတာ ” ဟု ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ပွိုင့်-၅၀၀ စခန်းကုန်းကို ပိတ်ဆို့တိုက်ခိုက်မှုများ ပြုလုပ်နေကြသလို ညောင်ကျိုးပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။

ပန်းတောင်း၊ ကပစ-၁၆ မှာ ယမ်းချက်စက်ရုံဖြစ်သဖြင့် စစ်အုပ်စုအတွက် အလွန်အရေးပါပြီး စက်ရုံဝန်းအတွင်း၌လည်း ခံစစ်အခိုင်အမာ ပြုလုပ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်အုပ်စုသည် ပုံမှန်ဆိုလျှင် မိသားစုများကို နေရာရွှေ့ပြောင်းမှုထက် အင်အားဖြည့်တင်းမှုများကိုသာ ပြုလုပ်လေ့ရှိပြီး လက်ရှိ မိသားစုများကို ရွှေ့ပြောင်းခြင်းမှာ လူအင်အား ဖြည့်တင်းမှု မပြုလုပ်နိုင်၍ ဖြစ်နိုင်ကြေင်း စစ်ရေးစောင့်ကြည့်နေသူတို့က သုံးသပ်သည်။

CDM ဗိုလ်ကြီး ဇင်ယော်က “ ကပစ- ၁၆ က အရာရှိ မိသားစုဝင်တွေနဲ့ တပ်မိသားစုဝင်တွေကို ရွှေ့ပြောင်းတယ်ဆိုတာ အရေးကြီး ကိစ္စတစ်ခုခု ရှိလို့ ဖြစ်လိမ့်မယ်။ ပုံမှန်အားဖြင့်ဆိုရင် မိသားစုတွေကို ရွှေ့ပြောင်းတာထက် ခံစစ်ကို ပြင်ဆင်ဖို့ အင်အားဖြည့်ရမှာ။ လက်ရှိက ပွိုင့် - ၅၀၆ ပတ်လည်မှာပဲ တိုက်စစ်ရော၊ ခံစစ်ပါ ရပ်တန့်နေတုန်းပဲ။ ကြားမှာ ပွိုင့် ၃၆၃ နဲ့ ပွိုင့် ၂၈၈ နှစ်ခု ကျန်နေသေးတယ်။ ဒါကို သူတို့က အင်အားထပ်ပြီး မဖြည့်နိုင်တော့တာကြောင့် မိသားစုဝင်တွေကို ရွှေ့ပြောင်းတာလို့ ယူဆတယ် ” ဟု ပြောသည်။

ပန်းတောင်းစစ်မျက်နှာတွင် အာဏာသိမ်းစစ်တပ်သည် စကခ-၁၀ နှင့် စကခ-၁၇ လက်အောက်ခံ တပ်ရင်းများဖြင့် ခုခံတိုက်ခိုက်နေကြခြင်းဖြစ်သည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့သည် ပဲခူးတိုင်း၊ ပန်းတောင်း စစ်မျက်နှာတွင် မိုးထိဗျူဟာ၊ ညောင်ကျိုး၊ ပွိုင့်-၆၆၆ စခန်းကုန်အပါဝင် စစ်အုပ်စု၏ တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်ပြီး ကပစ-၁၆ မသုန်နှင့် ကပစ-၆ ညောင်ခြေထောက်တို့ကို စစ်ရေးအရ ခြိမ်ခြောက်နိုင်ခြင်းဖြစ်သည်။

ပဲခူးတိုင်းအနောက်ဖက် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တပ်နယ်တွင် စစ်ကောင်စီ၏ ကပစ-၅၊ ကပစ-၆၊ ကပစ-၉ နှင့် ကပစ-၁၆ တို့ တည်ရှိသဖြင့် စစ်အုပ်စုသည် အကြိတ်အနယ်ခုခံမည့် သဘောမြင်ရကြောင်း စစ်ရေးစောင့်ကြည့်နေသူတို့က သုံးသပ်နေကြသည်။

May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...