မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် ယခင်တာဝန်ရှိသူများသာ အများစု ပြန်လည်ရွေးချယ်ခံရသဖြင့် လူအပြောင်းအလဲမရှိကြောင်း အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရသိရသည်။
ပေါင်၊ မုဒုံ၊ ရေး၊ ကျိုက်မရောနှင့် ချောင်းဆုံမြို့နယ်တို့တွင် ပြီးခဲ့သည့် မေလပထမအပတ်မှစ၍ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရေးအတွက် မြို့နယ်ကော်မတီဖွဲ့စည်းခြင်း၊ ရပ်ကျေးအဆင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။
အုပ်ချုပ်ရေးအဖွဲ့ ပြန်လည်ရွေးချယ်ရေးရာတွင် ဒေသခံပြည်သူများ၏ သဘောဆန္ဒမပါဘဲ ယခင်လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်သူ၊ ပြည်သူများအပေါ် ဖိနှိပ်ခြင်း (သို့) အဂတိ လိုက်စားမှုများ ကျူးလွန်ခဲ့ဖူးသူများကို ပြန်လည်ခန့်အပ်ထားကြောင်း သိရသည်။
ကျိုက်မရောမှ အုပ်ချုပ်ရေးမှုးအဖွဲ့နှင့်နီ့းစပ်သူက “မြို့နယ်အုပ်ချုပ်ရေးမှုးက သူတို့ပဲလုပ်မယ်။ အသစ်ရွေးချယ်တာ မလုပ်တော့ဘူးတဲ့။ မြို့နယ်အဆင့်ရော၊ ရွာမှာရော အဟောင်းတွေကိုပဲ ယူမယ်လို့ ပြောတယ်။ အသစ်ရွေးမယ်ဆိုပြီး လုပ်ချင်တဲ့ဒေသခံတွေ သွားတာပေါ့၊ တကယ်ဟိုရောက်တော့ နောက်ပြန်လှည့်လာရတယ်” ဟု ပြောသည်။
ဥပေဒေဆိုင်ရာ ကန့်သတ်ချက်များအရ ယခင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအလုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်ခွင့်၊ ဝင်ရောက်ရွေးခံခွင့်ရှိ သော်လည်း ရွေးချယ်တင်မြှောက်ရာတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်တပ်အဖွဲ့နှင့် နီးစပ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများကို ဆက်လက်တာဝန်ပေးထားခြင်းကြောင့် အုပ်ချုပ်ရေးပိုင်းတွင် အပြောင်းအလဲနှင့် တိုးတက်မှုများ ရှိမည်မဟုတ်သည့်အပြင် လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးဈေးကွက်များသာ မိုပိုကြီးထွားလာမည်ကို ဒေသခံများစိုးရိမ်လျှက်ရှိသည်။
ယင်းအခြေအနေကြောင့် အုပ်ချုပ်ရေးမှူးအဖွဲ့ မရွေးချယ်သသေးသည့် ကျေးရွာများ၌ ၎င်းတို့ ယုံကြည်ပြီး၊ ရွေးချယ်တင်မြှောက်လိုသည့် အုပ်ချုပ်ရေးမှူးများကိုသာ ခန့်အပ်စေလိုကြောင်း ဆိုသည်။
“ ဒီလူပြီး၊ ဒီလူပြန်ပဲ ထပ်ခါထပ်ခါ လုပ်နေတယ်။ စကမ လူတွေကိုပဲ ထားတယ်။ ပြီးတော့ မြို့ရွာအကျိုးအတွက် ဘာမှလည်း မတိုးတက်၊ ပြောင်းလည်းလာတာလည်း မရှိဘူး။ အုပ်ချုပ်ရေးမှူးအသစ် ရွေးမယ်ပြောလည်း အလကားပဲ ဘာမထူးဘူး။ ကျနော်တို့ ဒေသခံဆန္ဒကတော့ လူပြောင်းချင်တာပေါ့နော် ” ဟု ရေးမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်းအပြင် မြို့နယ်အချို့တွင် အုပ်ချုပ်ရေးအဖွဲ့များ မကြာခဏ ပစ်ခတ်ရှင်းလင်းခံနေရမှုနှင့် ဖမ်းဆီးခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးနေရာအတွက် စိတ်ဝင်စားသူမရှိသဖြင့် ယခင်တာဝန်ရှိသူများကို ပြန်လည်ရွေးချယ်ရသည့် အခြေအနေတွင် ရှိသည်။
ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းနှင့်အညီ သာမန်အားဖြင့် ငါးနှစ်ဖြစ်ပြီး ဥပဒေအရ တစ်ဆက်တည်း နှစ်ကြိမ်ထက်ပို၍ တာဝန်ထမ်းဆောင်ခွင့် မရှိဟု သိရသည်။
မွန်ပြည်နယ်အတွင်း အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းစဉ်ကို စစ်ကော်မရှင်အဖွဲ့မှ ယခုနှစ် မေလအတွင်း အပြီးရွေးချယ်သွားမည်ဖြစ်သည်။
ပုံ-စစ်ကော်မရှင် (ပြန်/ဆက်)







