အသက်နဲ့လောင်းကြေးထပ်ရတဲ့ ဒေါ်ဆိုင်းပန်ရဲ့ ကျောက်စိမ်းမြေက အပြန်လမ်း

အသက်နဲ့လောင်းကြေးထပ်ရတဲ့ ဒေါ်ဆိုင်းပန်ရဲ့ ကျောက်စိမ်းမြေက အပြန်လမ်း

သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့ စိတ်မွန်းကျပ်မှုတွေ အဆုံးသတ်ဖို့ ယတိပြတ်ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသားရဲ့ အလုပ်အကိုင်ကြောင့် ဒေါ်ဆိုင်းပန်တို့ မိသားစုဟာ ကလေးကျောင်းပိတ်ရက်အတွင်း ကျောက်စိမ်းမြေလို့ခေါ်တဲ့ ဖားကန့်- လုံးခင်းကျေးရွာမှာ သွားရောက်နေထိုင်နေတာပါ။ အသက် ၅ နှစ်အရွယ် သားငယ်တစ်ယောက်ရှိပြီး မိသားစုသုံးဦး ဖြစ်ပါတယ်။

တစ်ရက်မှာတော့ သူနေတဲ့အိမ်ပေါ်ကို ရုတ်တရက် " ကျည်တွေလာမှန်တယ်။"လို့ ဒေါ်ဆိုင်းပန်က ပြောပါတယ်။

ဒီဖြစ်စဉ်အပြီးမှာတော့ အသက်ရှင်လွတ်မြောက်နိုင်ဖို့အတွက် နောက်ထပ်အသက်နဲ့ လောင်းကြေးထပ်ရမယ့် ခရီးစဉ်တစ်ခုကို သွားရောက်ဖို့ ဒေါ်ဆိုင်းပန်တစ်ယောက် ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်လိုက်ပါတယ်။

လုံးခင်းကျေးရွာဆိုတာ လက်ရှိအချိန်မှာ စစ်အုပ်စုပူးပေါင်းအဖွဲ့နဲ့ KIA ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒါကြောင့် လက်နက်ကြီးနဲ့ သေနတ်ကျည်တွေလည်း ရွာပေါ်ကိုကျသလို ရွာအတွင်း လေယာဉ်နဲဗုံးကြဲတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

လုံခြုံမှုမရှိဘဲ အချိန်မရွေး ကျည်ဆန်ထိမှန်နိုင်တာကြောင့် ဒေါ်ဆိုင်းပန်တို့ မိသားစုဟာ ဖားကန့်(လုံးခင်း)ကနေ မြစ်ကြီးနားမြို့ကိုပြန်ဖို့ မဖြစ်မနေ ဆုံးဖြတ်လိုက်ရပါတယ်။

ဒီအပြန်ခရီးဟာလည်း လွယ်ကူချော့မွေ့နေတာတော့ မဟုတ်ပါဘူး။ သူတို့ဆင်းလာမယ့် ဖားကန့်-နန့်ယား-ကာမိုင်း  လမ်းကို စစ်ရေးအရဆိုပြီး KIA က ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာပါ။ အဲဒီလမ်းကို ဖြတ်သွားမယ်ဆိုရင် အချိန်မရွေးပစ်ခတ်ခံရနိုင်တဲ့ အခြေအနေရှိနေတာ ဖြစ်ပါတယ်။

လမ်းတွေပြန်ပွင့်ပြီး လွတ်လွတ်လပ်လပ်သွားလာနိုင်ဖို့  မိခင်ဖြစ်သူ ဆုတောင်းနေတာကို အမြဲတမ်းကြားနေရတဲ့ သူတို့သားလေးဟာလည်း သူ့ဟာသူ ဆုတောင်းတဲ့အခါ “လမ်းဖွင့်ပေးဖို့ပဲ” တောင်းဆိုနေခဲ့တယ်လို့ ဒေါ်ဆိုင်းပန်က ပြောပါတယ်။ 

သူတို့ဟာ ဖားကန့်ကနေ ထွက်ဖို့ကို နည်းလမ်းပေါင်းစုံ ရှာခဲ့ပေမဲ့ နောက်ဆုံးတော့ ဆိုင်ကယ်နဲ့သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရပါတယ်။ 

အသိမိတ်ဆွေတွေကို မေးတဲ့အခါ ကုန်သည်တွေနဲ့ ဒေသခံတွေက ဆိုင်ကယ်တွေနဲ့ ဆင်းနေတယ်ဆိုတဲ့ သတင်းကြောင့် အရာရာကို ဘုရားဆီအပ်နှံပြီး ထွက်လာတာလို့ ဆိုပါတယ်။

" နဂိုကတည်းက ပြန်ချင်နေတာ။ စစ်ကလည်းဖြစ် လမ်းကလည်းပိတ်ဆိုတော့ စိတ်တွေက တကယ် မွန်းကျပ်နေတာ။" လို့ ဒေါ်ဆိုင်းပန်က သူ့ခံစားချက်ကို ပြောပါတယ်။

ဖားကန့်ကနေ စတဲ့ထွက်အချိန် ပထမဦးဆုံးဂိတ်ဖြစ်တဲ့ စစ်အုပ်စုရဲ့ လယ်ပြင်ကျေးရွာအကျော်က ယမ်းချက် စစ်ဆေးရေးဂိတ်ကို ဒေါ်ဆိုင်းပန်တို့ မိသားစု ရောက်ရှိလာပါပြီ။ သူတို့လိုပဲ ဆိုင်ကယ်နဲ့ဆင်းဖို့ တန်းစီနေတာ အစီး ၅၀ လောက် မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

မနက် ၇ နာရီလောက်ကတည်းကနေ ၁၁ လောက်အထိ ယမ်းချက်ဂိတ်မှာ စိုးရိမ်မှုနဲ့ စောင့်နေရတဲ့အချိန်ဟာ ကြာလွန်းတယ်လို့ ဒေါ်ဆိုင်းပန်ကဆိုပါတယ်။ 

အဲဒီနေ့ (မေလ ၈ ရက်နေ့) ဟာ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာဘက်ကို  စစ်အုပ်စုက လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။

စောင့်ကြသူတွေထဲ တစ်ယောက်က “မကြောက်နဲ့ သူတို့ စစ်တပ်ဘေးနားမှာ မကြဲဘူး။”လို့ စနောက်ပြီး နှစ်သိမ့်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂိတ်ဖွင့်ပေးလိုက်တဲ့အချိန် အားလုံး ခပ်မြန်မြန် ထွက်ခွာခဲ့ကြပေမဲ့ စိတ်ထဲမှာတော့ ကြောက်စိတ်က မပြယ်သေးနိုင်ပါဘူး။ လမ်းတစ်လျှောက် အန္တရာယ်မျိုးစုံနဲ့ ကြုံတွေ့ရနိုင်လို့ပါ။

လမ်းတစ်လျှောက်မှာလည်း ပစ်ခတ်မှုတွေဖြစ်ထားတဲ့နေရာကို ဖြတ်သွားရတဲ့အခါ နှလုံးတွေတုန်တယ်လို့ ဆိုပါတယ်။" လမ်းမှာ ကားတွေ ပစ်ခံထားရတဲ့ နေရာတွေ ရောက်ရင် ကြည့်တောင်မကြည့်ရဲဘူး။" လို့ ခရီးစဉ်ရဲ့ မြင်ကွင်းတချို့ကို မဆိုင်းပန်က ပြန်ပြောပြပါတယ်။  ရှေ့မှာဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားကိုလည်း "ကောင်းကောင်းမောင်းနော်၊ ငါတို့နဲ့အတူ ဘုရားရှိတယ်။" လို့ နှစ်သိမ့်ရင်း အားတင်းခဲ့ရတယ်လို့ ဆိုပါတယ်။

လမ်းတစ်လျှောက်  တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်နဲ့အတူ ခရီးရောက်လိုဇောနဲ့ အပြိုင်အဆိုင် မောင်းနှင်နေကြတဲ့ ဆိုင်ကယ်အင်ဂျင်သံတွေနဲ့ အတူ ဒေါ်ဆိုင်းပန်တို့မိသားစု ခရီးဆက်ခဲ့ကြပါတယ်။ 

ဖားကန့်ကနေ ထွက်ခဲ့တဲ့အချိန်ကစလို့ ၈ နာရီလောက်ကြာတဲ့အခါ မဆိုင်းပန်တို့ မိသားစု မြစ်ကြီးနားမြို့ကို ရောက်ရှိသွားခဲ့ပါပြီ။ ပုံမှန်ဆိုရင် မြစ်ကြီးနား-ဖားကန့်ခရီးစဉ်ဟာ ၄ နာရီကျော်လောက်ပဲ ကြာတာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်ဆိုင်းပန်တို့ မိသားစုဟာ တိုက်ပွဲဇုန်အတွင်းကသာမက ပစ်ခတ်မှုတွေရှိနေတဲ့ လမ်းခရီးကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

မြစ်ကြီးနားအိမ်ရောက်နေပေမဲ့ အိမ်နားမှာ ကျယ်လောင်တဲ့ အသံတစ်ခုခုထွက်လာရင် အခုထိ ထိတ်လန့်နေတုန်းပဲလို့လည်း ဒေါ်ဆိုင်းပန်က ပြောပါတယ်။ 

ဒေါ်ဆိုင်းပန်တို့ မြစ်ကြီးနားမြို့ရောက်ပြီးနောက် မေလ ၁၃ ရက်နေက နန့်ယား-ကာမိုင်းလမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ဖြတ်သန်းသွားလာတဲ့ ဈေးသည်အမျိုးသမီးနှစ်ဦး ဗုံးထိမှန်ပြီး ဒဏ်ရာရသွားပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာတော့ နှစ်ဖက်ထောက်ခံသူတွေအကြား အပြန်အလှန်စွပ်စွဲနေကြပါတယ်။

မာရီယာ-ရေးသားသည်။

--- လုံခြုံရေးအရ ဒေါ်ဆိုင်းပန်ဟု နာမည်ပြောင်းသုံးထားပါသည်။---

May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...
May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...