ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း စစ်အုပ်စုလုံခြုံရေးတိုးမြှင့်

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း စစ်အုပ်စုလုံခြုံရေးတိုးမြှင့်

မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ(၂၅)ရက်မှစ၍ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် စစ်အုပ်စုတပ်ဖွဲ့များ လုံခြုံရေးအင်အား တိုးမြှင့်ချထားကြောင်း ကျေးရွာသတင်းအရင်းအမြစ်များမှ သိရသည်။

ဖားအံမြို့ စစ်အုပ်စု တပ်မ-၂၂ မှ ပို့ဆောင်လာသော တပ်ဖွဲ့ဝင်အင်အား(၁၀၀)ဝန်းကျင်ကို ကျုံဒိုးအခြေစိုက်ခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆တပ်ရင်းများက လုံခြုံရေးအဖွဲ့များဖွဲ့ပြီး ညီညာသာလင်း၊ ငါးတိုင်၊ ခုနှစ်တိုင်၊ ကိုးတိုင်နှင့် တံတားကျိုး စစ်ဆေးရေးဂိတ်များတွင် လိုက်လံနေရာချထားသည်ဟု ဒေသခံများကပြောသည်။

“ဒီမနက်ပဲ လမ်းဘေးကအိမ်တွေ ခြံတွေထဲလိုက်နေရာချ လမ်းကင်းချတာတွေလုပ်နေတယ်။ ကိုးတိုင်အဖွဲ့စုံဂိတ်၊ လမ်းဆုံနဲ့ ခုနှစ်တိုင်ကွေ့ နေရာတွေမှာ ပိုများတယ်။ တံတား(၂)ဖွင့်ရင် ကုန်ကားတွေဆင်းဖို့ လုံခြုံရေးယူတာလို့ ခြံရှင်တွေကိုပြောတယ်” ဟု အမည်မဖော်လိုသူ ကျုံဒိုးမြို့နယ်နေရွာခံတစ်ဦးက ပြောသည်။

စစ်အုပ်စုကလုံခြုံရေးချထားသည့်အထဲတွင် ကရင်နယ်ခြားစောင့်တပ်-BGF ‌‌‌‌‌‌‌‌‌‌ဗိုလ်မောင်ဝင်းအဖွဲ့နှင့် ခွဲထွက် DKBA ဗိုလ်ဘိအဖွဲ့များလည်း ပါဝင်နေသည်။ ၎င်းပူးပေါင်းတပ်ဖွဲ့များက နွားခြံကုန်း၊ ကျွန်းကလေး၊ ဂျိုင်းတံတားလမ်းပိုင်းတွင် စစ်ဆေးရေးလုပ် ငွေတောင်းခံနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ဧပြီလ(၂၅)ရက်နေ့က ထိုင်းအခြေစိုက် Thai PBS News တွင်ဖော်ပြချက်အရ မဲဆောက်အကောက်ခွန်ဌာနတာဝန်ရှိသူများက မြဝတီ-မဲဆောက်တံတား(၂)ကို လာမည့်ဧပြီ(၂၈)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန်စီစဥ်နေကြောင်း သိရသည်။

တစ်နှစ်ကြာ မြန်မာနိုင်ငံဘက်မှပိတ်ထားသော အဆိုပါတံတားပြန်လည်ဖွင့်လှစ်ရန်ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဥ်ပြီးနောက် ထွက်ပေါ်လာသည်ဟု သတင်းကဆိုသည်။

ယင်းကြောင့် ထိုင်းနိုင်ငံဘက်တွင် ကုန်စည်တင်သွင်းဖို့ နေရာပြင်ဆင်မှုများ လုပ်ဆောင်နေသော်လည်း မြန်မာဘက်တွင်မူ သတင်းနှင့်ပတ်သက်ပြီး ထူးခြားမှုသိပ်မရှိဟု လုပ်ငန်းရှင်အချို့ကပြောသည်။

မြဝတီမြို့ရှိစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ကုန်သွယ်ရေးဇုန်မှာက အရင်သွင်းကုန်စလစ်ဟောင်းတွေ အဝင်အထွက်တော့ရှိနေတယ်။ လိုင်စင်မဲ့သွင်းကုန်တွေကတော့ အဖွဲ့အစည်းလမ်းကပဲ အတက်အဆင်းလုပ်နေကြတယ်။ မဲဆောက်ဘက်မှာက ကုန်သွင်းဖို့ဂိုထောင်တွေပြင်တာ နေရာဌားတာတွေကြိုလုပ်နေတယ်” ဟု ကေအိုင်စီကို ပြောသည်။

ကုန်သွယ်ရေးနှင့်ခရီးသွားလာရေး ပြန်လည်အဆင်ပြေစေရန်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ(၂)ရက်နေ့က ပြည်နယ်စစ်အုပ်စုဦးဆောင်ကာ မြဝတီ-ကော့ကရိတ်အာရှလမ်းသစ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထိုရက်ကတည်းက မြဝတီ-မဲဆောက်အမှတ်(၂)တံတားပါ ပြန်ဖွင်တော့မည့်သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ဒေသအတွင်း တစ်နိုင်တစ်ပိုင်သုံးကုန်အချို့ကိုသာ စစ်အုပ်စုက အာရှလမ်းပေါ် သယ်ယူသွားလာခွင့်ပေးထားသည်။

ထို့အတူ အာရှလမ်းပြန်ဖွင့်ပြီးနောက်ပိုင်းရက်ကစ၍ လမ်းတစ်လျှောက်ရှိ လုံခြုံရေးဂိတ်များတွင် စစ်အုပ်စုနှင့်ပူးပေါင်းအဖွဲ့များ စုစုပေါင်းအင်အား(၁,၀၀၀)ဝန်းကျင် ချထားကာ နယ်မြေအစစ်အဆေး တင်းကြပ်လုပ်ဆောင်လျက်ရှိသည်ဟုလည်း ခရီးသွားလာသူများကပြောသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...