ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်ကို ချင်းပူးပေါင်းတပ် လက်လွှတ်လိုက်ရ

ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်ကို ချင်းပူးပေါင်းတပ် လက်လွှတ်လိုက်ရ

ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်တို့ကို ချင်းပူးပေါင်းတပ်များက လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။ 

ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်သည် လေကြောင်းပစ်ကူအများအပြား အသုံးပြု၍ ထိုးစစ်ဆင်မှုများကြောင့် ချင်းပူးပေါင်းတပ်များသည် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်မှ ဆုတ်ခွာခဲ့ရကာ မြို့သိမ်းတိုက်ပွဲအပြီး တစ်နှစ်ခန့်အကြာတွင် စစ်အုပ်စုလက်ထဲကို ပြန်လည် ကျရောက်သွားခြင်းဖြစ်သည်။ 

“အဓိကက သူတို့ လေဆိပ်နဲ့ တပ်ကုန်းခွင်နေရာကို ပြန်ယူသွားပါတယ်။ လေကြောင်းနဲ့ ဝေဟင်နဲ့ တော်တော်လေး ပစ်တာ များတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကနေ ဆုတ်ခွာပေးရတာ ဖြစ်ပါတယ်။ လေကြောင်းနဲ့ ပစ်ကူတာတွေ တော်တော်လေး လုပ်လာလို့ပါ။ သူတို့ တမြို့လုံးကိုတော့ ထိန်းချုပ်နိုင်တာမျိုး မရှိသေးဘူး။ တချို့နေရာတွေမှာ တိုက်ပွဲ ဆက်လက် ရှိနေသေးတယ်။ အလုံးစုံတော့ မဝင်နိုင်သေးပါဘူး။ ဒါပေမယ့် အဓိက အချက်က လေယာဉ်ကွင်းနဲ့ တပ်ကုန်းကို ဝင်ပြီးပြီဆိုရင်တော့ ဒါဟာ အလုံးစုံလို့တောင် ပြောလို့ ရတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်” ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် ဖလမ်မြို့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်းစခန်းကုန်းကို ထိန်းချုပ်သွားနိုင်ပြီဖြစ်ကာ မြို့ပေါ် နေရာတချို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်ဟု သိရသည်။ 

အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်း ရရှိရေးအတွက် စစ်အင်အားထောင်ချီဖြင့် စစ်ကြောင်းများ ဖြန့်ခွဲပြီး လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်နေသည်မှာ ၆ လဝန်းကျင်ကြာခဲ့သည်ဟု သိရသည်။ 

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ စစ်တပ်သည် ကလေး- ဝေဘုလ စစ်ကြောင်း၊ ကလေး- သိုင်းငင်း စစ်ကြောင်းတို့ဖြင့် အင်အား ၈၀၀ ဝန်းကျင်ဖြင့် ချင်းတောင်ပေါ်ကို ထိုးစစ်ဆင်ခဲ့ပြီး ချင်းပူးပေါင်းတပ်များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားခဲ့သည်ဟု သိရသည်။ 

ထို့နောက် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံ ဖြည့်တင်းပြီး ၂၀၂၆ ဖေဖော်ဝါရီလတွင် သိုင်းငင်းမှတဆင့် စစ်အင်အား ရာချီသည် ဗားရ်တံတားဘက်သို့ ဦးတည်၍ ထိုးစစ်ထပ်မံ ဖွင့်ခဲ့ကာ လက်ရှိ ၆ လအကြာတွင် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်တို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားခြင်းဖြစ်သည်။ 

ချင်ညီနောင် (CB) ပူးပေါင်းတပ်များသည် ချင်းပြည်မြို့တော် ဟားခါးနှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသည့် ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ၅လကြာ ထိုးစစ်ဆင်ခဲ့ရပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...