QR စနစ်ကြောင့် စက်သုံးဆီမှောင်ခိုစျေးကွက် ပိုမိုအားကောင်းလာ

QR စနစ်ကြောင့် စက်သုံးဆီမှောင်ခိုစျေးကွက် ပိုမိုအားကောင်းလာ

စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည့် ရည်ညွှန်းစျေးများ အနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း မြေပြင်၌ အမှန်တကယ် ဝယ်ယူရသည့် စျေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ မှောင်ခိုစျေးကွက် ပိုမိုကျယ်ပြန့်လာကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများထံက သိရသည်။

ဧပြီလ ၂၄ ရက် ရည်ညွှန်းစျေးများအရ ဓာတ်ဆီမှာ တလီတာလျှင် ကျပ် ၁၀၀ ဝန်းကျင်နှင့် ဒီဇယ်မှာ ကျပ် ၇၀၀ ဝန်းကျင် ပြန်လည်ကျဆင်းခဲ့သော်လည်း နယ်မြို့များတွင်မူ ရည်ညွှန်းစျေးထက် နှစ်ဆကျော် မြင့်မားသည့် စျေးနှုန်းဖြင့်သာ ဝယ်ယူနေရခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုက စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းရန် QR စနစ်၊ ယာဉ်နံပါတ် စုံ/မ ရက်ခွဲ၍ ဆီဖြည့်ခြင်းနှင့် အကြိမ်ရေ ကန့်သတ်ခြင်းတို့ကို ကျင့်သုံးနေသည်။ ထိုစနစ်ကြောင့် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် ဆီတန်းစီရမှု လျော့နည်းသွားသော်လည်း မှတ်ပုံတင်ထားခြင်းမရှိသည့် လိုင်စင်မဲ့ယာဉ် (W ယာဉ်) များမှာမူ မှောင်ခိုစျေးကွက်ကိုသာ အားကိုးနေရသည်။

ဘားအံမြို့ခံ လူငယ်တဦးက “ အစိုးရစျေးက ဓာတ်ဆီ တလီတာ ၅,၀၀၀ ဆို မှောင်ခိုစျေးက တလီတာ ၁၃,၀၀၀ လောက် ရှိနေပါတယ်။ အခုဆို QRစနစ်နဲ့ ဆီထည့်တဲ့စနစ် စနေပြီဆိုတော့ လိုင်စင်ကားတွေအတွက်တော့ အဆင် ပြေပေမဲ့ W ကား (လိုင်စင်မဲ့ကား) တွေအတွက်ကတော့ မှောင်ခိုစျေးကွက်မှာပဲ စျေးကြီးပေးပြီး ဝယ်သုံးနေရတယ်” ဟု ဆိုသည် 

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးအချို့တွင် ရည်ညွှန်းစျေးဖြင့် ဝယ်ယူ၍ရသော်လည်း ဘားအံ၊ မြဝတီ၊ မော်လမြိုင်နှင့် ကျိုက်ထို အပါအဝင် နယ်မြို့များ၌ ဓာတ်ဆီ တလီတာလျှင် ၁၃,၀၀၀ ကျပ်အထိနှင့် ဒီဇယ်တလီတာလျှင် ၁၅,၀၀၀ ကျပ်အထိ ပေါက်စျေးရှိနေသည်။

“ဆီကတော့မရှားဘူး။ ဆီလည်း မတန်းစီရဘူး။ ကြိုက်တဲ့ဆိုင် ဝင်ထည့်လို့ရတယ်။ စျေးတော့များတယ်။ တလီတာကို ၁၂,၅၀၀/ ၁၃,၀၀၀ ရှိတယ်။ ဓာတ်ဆီပေါ့” ဟု မြဝတီမြို့ခံ ခရီးသည်တင်ယာဉ်မောင်းတဦးက မဇ္ဈိမသို့ ပြော သည်။ 

စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးခြင်းကြောင့် အခြေခံလူတန်းစားများ၏ အလုပ်အကိုင်ကိုပါ ထိခိုက်လာနေသည်။ 

ကျိုက်ထိုမြို့ခံ ဆိုင်ကယ်ကယ်ရီသမားတဦးက “ပြောတော့လည်း ကယ်ရီမောင်းတဲ့သူဆို ဘယ်လိုဖြည့်ပေးမယ်။ ဘယ်ဝှာဖြည့်ပေးမယ်ဆိုပြီးတော့ သူတို့ပဲ ကြေညာတယ်။ အခုကျ ဆီက ဝယ်ရင် အကန့်အသတ်နဲ့ပဲ ရောင်းပေးတော့ အလုပ်မဖြစ်ဘူး။ ကယ်ရီ မမောင်းတော့ဘူး” ဟု ပြောသည်။ 

ထို့ပြင် ဆီစျေးနှုန်း မြင့်မားနေမှုနှင့်အတူ ခရီးသွားလာစရိတ်၊ ကုန်စည်သယ်ယူခနှင့် အထွေထွေကုန်စျေးနှုန်းများမှာလည်း ကျဆင်းခြင်းမရှိဘဲ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“စျေးပြန်ကျတာတော့ ဟုတ်တယ်။ အရင်ကစျေးလို ပြန်ကျတာတော့ မဟုတ်ဘူးပေါ့။ အခု မတန်းစီရတော့ဘူး အရင်ကလောက်။ မနေ့က မှော်ဘီကျောင်းဘက်သွားတာ ဆီဆိုင် တွေမှာဆီရှိတယ်။ ဆီထည့်ရတာတော့ တပတ်ကို နှစ်ကြိမ်ပဲ ကားအင်ဂျင်ပေါ်မူတည်ပြီးတော့။ မကျတာကတော့ ကုန်စျေးနှုန်းပဲ လုံးဝကို မကျတာ၊ အကုန်တက်နေလွန်းလို့ မှတ်တောင်မမှတ်မိတော့ဘူး။ ဘယ်ဟာတွေ (စျေး)တက်နေလဲဆိုတာ ” ဟု ရန်ကုန်မြို့ခံ သက်လတ်ပိုင်း အမျိုးသမီးတဦးက မဇ္ဈိမသို့ ပြောသည်။ 

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန် - အစ္စရေးနှင် အီရန် စစ်ပွဲကြောင့် မြန်မာ အပါအဝင် ကမ္ဘာတဝန်း စက်သုံးဆီအကျပ်အတည်းနှင့် ကြုံတွေ့နေရပြီး စီးပွားရေးလုပ်ငန်းများအပေါ်  ရိုက်ခတ်မှုများစွာ ရှိနေခြင်းဖြစ်သည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...