စစ်အုပ်ချုပ်ရေးအဖွဲ့ ဘဏ္ဍာရေးကော်မရှင်ကို ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများ ဦးဆောင်

စစ်အုပ်ချုပ်ရေးအဖွဲ့ ဘဏ္ဍာရေးကော်မရှင်ကို ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများ ဦးဆောင်

အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့် ဘဏ္ဍာရေးကော်မရှင်တွင် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများ ဦးဆောင်ပါဝင်နေကြောင်း တွေ့ရသည်။

ထိုကော်မရှင် ဥက္ကဋ္ဌ တဖြစ်လဲ ၂၀၂၆ သမ္မတ မင်းအောင်လှိုင်အပါအဝင် အဖွဲ့ဝင်များမှာ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများဖြစ်သည်။

ထိုကော်မရှင်တွင် ဒုဥက္ကဋ္ဌများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အတွင်းရေးမှူးအဖြစ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာကံဇော်တို့ပါဝင်သည်။

ထို့ပြင် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ဝန်ကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးနှင့် ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ စာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းတို့ကိုလည်း အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားသည်။

အဆိုပါ ကော်မရှင်တွင် ဦးဆောင်မည့် အာဏာသိမ်းခေါင်းဆောင် ကာချုပ်ဟောင်း မင်းအောင်လှိုင်သည် အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ (EU) နှင့် ကနေဒါတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသူဖြစ်သည်။

အာဏာသိမ်းကာလ စစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး အာဏာသိမ်းခေါင်းဆောင်၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ခန့်အပ်ခံခဲ့ရသူ ဗိုလ်ချုပ်ကြီးဟောင်း ညိုစောမှာလည်း EU ၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသည်။

စစ်ကော်မရှင်တွင် ဝန်ကြီးချုပ်လုပ်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောသည် စစ်အုပ်စု ရွေးကောက်ပွဲမတိုင်ခင် ဗိုလ်ချုပ်ကြီးအဖြစ်မှ အငြိမ်းစားယူကာ ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး လက်ရှိ အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့တွင် ဒုသမ္မတရာထူး ရယူထားသူဖြစ်သည်။

အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများမှာ ဒေါက်တာသီတာဦး နှင့် ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကို အမေရိကန်၊ ယူကေ နှင့် ကနေဒါ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကို အမေရိကန် တို့က ပိတ်ဆို့ အရေးယူဒဏ်ခတ်ထားသည်။

ထို့ပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာကံဇော် ကို အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ (EU) နှင့် ကနေဒါ၊ နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ကို ကနေဒါ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သူများဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့မှု ခံရသူများသည် ထိုနိုင်ငံများရှိ ငွေကြေးနှင့် ပိုင်ဆိုင်မှုများ ထိန်းသိမ်းခံရခြင်း၊ ဘဏ်ငွေလွှဲစနစ်များ အသုံးပြု၍ မရခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခံရခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခွင့်မရခြင်း အပြင် နိုင်ငံတကာတွင် ဂုဏ်သိက္ခာနှင့် ယုံကြည်မှု ကျဆင်းခြင်းတို့ ကြုံတွေ့ရမည်ဖြစ်သည်။

ယင်းကော်မရှင်တွင် ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများနှင့် စစ်အရာရှိ၊ ရဲအရာရှိအဖြစ် အမှုထမ်းခဲ့ဖူးသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ပါဝင်သည်။

ယခင် စစ်ကောင်စီ၏ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ကိုလည်း ကာချုပ်ဟောင်း မင်းအောင်လှိုင် ဦးဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ညိုစောက ဒုဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်ခဲ့ခြင်းဖြစ်သည်။ ယခုကော်မရှင်တွင် လူဟောင်းအများစု ပြန်ပါလာသည်ကို တွေ့ရသည်။

လက်ရှိ ဒုသမ္မတရာထူးယူ ကရင်ပြည်နယ် ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးမှာမူ ကော်မရှင်တွင် အသစ်ပါဝင်လာသူများထဲမှ တဦးဖြစ်သည်။

ဘဏ္ဍာရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်တွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း သို့မဟုတ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ၂၀၂၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်သို့ ထောက်ခံတင်ပြခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အကြံပြုခြင်းတို့ ပါဝင်သည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...