ဝန်ကြီးနေရာ ၃ ပုံ ၂ ပုံတွင် စစ်ဗိုလ်ချုပ်များကို မင်းအောင်လှိုင် နေရာပေး

ဝန်ကြီးနေရာ ၃ ပုံ ၂ ပုံတွင် စစ်ဗိုလ်ချုပ်များကို မင်းအောင်လှိုင် နေရာပေး

အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း မင်းအောင်လှိုင်က ဧပြီ ၇ ရက် က၂၀၂၆ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ရာ ဝန်ကြီးနေရာ သုံးပုံ နှစ်ပုံတွင် စစ်ဗိုလ်ချုပ်များနှင့် စစ်ဗိုလ်ချုပ်ဟောင်းများကို နေရာပေးထားသည်။

စုစုပေါင်း ဝန်ကြီး အယောက် ၃၀ ၏ အမည်စာရင်းတင်သွင်းခဲ့ရာ ထိုအထဲတွင် ၂၁ ဦးသည် ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးများနှင့် စစ်မှုထမ်းဟောင်း အရာရှိများဖြစ်ပြီး ကျန်ကိုးဦးမှာလည်း ကြံ့ခိုင်ရေးပါတီဝင်နှင့် စစ်ကော်မရှင် ဝန်ကြီးများဖြစ်သည်။

၂၁ ဦးထဲတွင် စစ်အရာရှိဟောင်း လက်ရှိ စစ်ကော်မရှင် ဝန်ကြီးများလည်း ပြန်ပါဝင်သည်။

အဆိုပါ အမည်စာရင်းတင်သွင်းထားသူများသည် စစ်သားတပိုင်း၊ စစ်တပ်ဩဇာအမိန့် ခံယူမည့် သူများသာဖြစ်ကာ ယင်းမှာ ကာချုပ်ဟောင်း မင်းအောင်လှိုင်၏ စိတ်ကြိုက် ပုံပြောင်း အစိုးရအဖွဲ့တခုကို အမည်တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“ဒီအရပ်ဘက်ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေ ပြည်ထောင်စုဝန်ကြီးတွေကို စိတ်တိုင်းကျ ခိုင်းမရရင် ဖြုတ်၊ ထုတ်၊ သတ် လုပ်မယ့် အာဏာရှင်စရိုက်ဆန်ဆန်ပေါ့နော်။ ဖော်လို့ရတဲ့အနေအထားမျိုးပေါ့။ အရေးယူရတဲ့ ဝန်ကြီးတွေ အရေးယူခံရတဲ့ ဝန်ကြီးချုပ်တွေကလည်း သူ့တို့ကို ဘာမှပြန်လှန်လို့မရတဲ့ အမြှီးလှန်ချိုးထားပြီးသား စစ်သားတပိုင်းလူတွေကိုပဲ ထပ်ပြီးထုတ်လာတဲ့အနေအထားမျိုးလို့ ကျွန်တော်တို့ တွေ့ပါတယ်” ဟု ဆိုသည်။

ကာချုပ်ဟောင်း မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ကို စာရင်းပေးထားသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးထိန်လင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်သည့် သံအမတ် ဦးတင်မောင်ဆွေ၊ အလုပ်သမားဝန်ကြီးအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက် လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးအဖြစ် စစ်အရာရှိဟောင်း ဦးထွန်းအုံနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် စစ်အရာရှိဟောင်း ဦးခင်မောင်ရီတို့ကို ရွေးချယ်ထားသည်။

ကြံ့ဖွံ့ပါတီမှ ယခင်အမတ်ဟောင်းလည်းဖြစ် ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်သည့် ဦးမောင်မြင့်ကို ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး၊ အသက် ၇၀ ကျော်အရွယ် ကြံ့ဖွံ့ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းကို လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီး အဖြစ် နေရာပေးထားသည်။

ကျန်းမာရေး၊ ပညာရေးအပါအဝင် ဝန်ကြီးဌာနအချို့ အပြောင်းအလဲ မရှိသကဲ့သို့ ကျန်စစ်အရာရှိဟောင်း ဝန်ကြီးများလည်း အပြောင်းအလဲမရှိပေ။ အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ထည့် သွင်းထားပြီး အချို့ဝန်ကြီးဌာနကို အမည်ပြောင်းလဲထားသည်။ အယောက် ၃၀ တွင် ၁၃ ဦးသည် ဝန်ကြီးအဖြစ် အသစ်ပါဝင်လာသူများဖြစ်ပြီး အများစုသည် စစ်အရာရှိဟောင်းများပင်ဖြစ်သည်။

အဆိုပါ အမည်စာရင်း တင်သွင်းထားမှုနှင့် ပတ်သက်ပြီး ဧပြီ ၉ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၆ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဝန်ကြီးနေရာများအပြင် ၂၀၂၆ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ထိပ်ပိုင်းနေရာများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာများတွင်လည်း စစ်အရာရှိဟောင်းနှင့် ရဲအရာရှိဟောင်း အများစု ကြီးစိုးထားသည်။

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...