အင်းလေးဒေသ စက်လှေခများ စံချိန်တင်ဈေးတက်

အင်းလေးဒေသ စက်လှေခများ စံချိန်တင်ဈေးတက်

ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းအဆမတန် မြင့်တက်လာမှုကြောင့် ဒေသတွင်းစက်လှေခများ စံချိန်တင်ဈေးတက်သွားပြီး ခရီးသွားယာဉ်လိုင်းအများစု ရပ်နားထားရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

အင်းလေးဒေသရှိ စက်လှေမောင်းနှင်သူများသည် စက်သုံးဆီကို ညောင်ရွှေမြို့မှတစ်ဆင့် ဝယ်ယူနေရခြင်းဖြစ်ပြီး လက်ရှိတွင် ဆီခွဲတမ်းများ မလုံလောက်ခြင်းနှင့် ဒီဇယ်ဆီ လုံးဝဝယ်ယူ၍မရသည့် အခြေအနေများကြောင့် သွားလာရေးကဏ္ဍတစ်ခုလုံး အကျပ်အတည်းဖြစ်နေခြင်းဖြစ်သည်။

ဒေသတွင်း တံငါသည်တစ်ဦးက “အောက်ပိုင်းခြေ (ဓာတ်ဆီအင်ဂျင်ငယ်) တွေတော့ ရသေးတယ်။ ဓာတ်ဆီက ဈေးတက်ပေမယ့် ဝယ်ရအရမ်းမခက်ဘူးပေါ့။ ဒီဇယ်တော့ လုံးလုံးမရတော့ဘူး။ အခုဆို ဈေးနေ့တောင် စက်လှေက ၃ ဆလောက် နည်းသွားတယ်” ဟု မြေပြင်အခြေအနေကို ပြောပြသည်။

ညောင်ရွှေ - အင်းလေး ခေါက်တိုပြေးဆွဲသည့် စက်လှေခများမှာ ယခင်က ကျပ် ၇,၀၀၀ မှ ယခုအခါ ကျပ် ၁၀,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး အဆိုပါ ဈေးနှုန်းမှာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကာလ (ကျပ် ၂,၀၀၀ ဝန်း ကျင်) နှင့် နှိုင်းယှဉ်ပါက ၅ ဆခန့်အထိ မြင့်တက်သွားခြင်းဖြစ်သည်။

ထို့တူ နိုင်ငံခြားသားနှင့် ရပ်ဝေးခရီးသည်များ အတွက် စင်းလုံးငှားခမှာလည်း ယခင်က ကျပ်တစ်သိန်းအောက် သာ ရှိခဲ့သော်လည်း ယခုအခါ ကျပ်တစ်သိန်းခွဲအထိ တောင်းခံနေရသည်ဟု ဆိုကြသည်။

စက်လှေပြေးဆွဲသူတစ်ဦးက “လူကြည့်ပြီး တောင်းနေရတာပဲ။ ဈေးပြောလိုက်ရင်လည်း လူတွေက မသွားချင် တော့ဘူး။ ကျနော်တို့လည်း ကိုက်မှလိုက်လို့ရတယ်။ အားလုံး ဒုက္ခရောက်နေကြတာပဲလေ။ တော်တော် များ များက မထွက်နိုင်ကြတော့ဘူး။ ကျနော်တောင် ဆီရတဲ့ ရက်လောက်ပဲ” ဟု ပြောသည်။

လက်ရှိတွင် အင်းလေးဒေသ၌ ဒီဇယ်တစ်ဂါလံလျှင် ကျပ် ၄၀,၀၀၀ ဝန်းကျင်နှင့် ဓာတ်ဆီတစ်ဂါလံလျှင် ကျပ် ၂၅,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။

အင်းလေးဒေသရှိ မော်တော်လှေ ၈၀ ရာခိုင်နှုန်းခန့်မှာ ဒီဇယ်အင်ဂျင်များကို အသုံးပြုနေရသော်လည်း အဆိုပါ စက်လှေများမှာ တရားဝင်လိုင်စင်စနစ်ဖြင့် မောင်းနှင်ခြင်းမဟုတ်ဘဲ အချင်းချင်းနားလည်မှုဖြင့်သာ ပြေးဆွဲနေရ သဖြင့် စက်သုံးဆီ QR ကုဒ် ထုတ်ယူခွင့်မရှိဘဲ မှောင်ခိုဈေးကွက်ကိုသာ အဓိကအားထားနေရသည်ဟု ဆိုကြသည်။

ယခုကဲ့သို့ စက်သုံးဆီရှားပါးမှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှုများကြောင့် လာမည့် နှစ်သစ်ကူး သင်္ကြန် ခရီးသွားရာသီတွင် အင်းလေးဒေသ၏ ခရီးသွားလုပ်ငန်းမှာ ပိုမိုထိခိုက်လာနိုင်သဖြင့် ဒေသခံများနှင့် ယာဉ်လိုင်းတာဝန်ရှိသူများက စိုးရိမ်နေကြသည်။

April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...