ZFU/PDF Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် သင်တန်းဆင်းလူငယ် ၁၇ ဦးကို ပြန်လွှတ်

ZFU/PDF Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် သင်တန်းဆင်းလူငယ် ၁၇ ဦးကို ပြန်လွှတ်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ)တွင် အခြေ စိုက် လှုပ်ရှားနေသော PDF-Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသော အခြေခံစစ်သင်တန်းဆင်းပြီးသူ လူငယ် ၁၇ ဦးကို ဧပြီလ ၂ ရက်နေ့တွင် ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၈ ဦး၊ စုစုပေါင်း ၁၇ ဦးတို့အား လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အခြေခံစစ်ပညာသင်တန်း (Basic Training) ကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့သူများဟု သိရသည်။

၎င်းတို့အား အဖွဲ့အစည်းမှ သတ်မှတ်ထားသည့် စစ်မှုထမ်းကင်းလွတ်ခွင့်စည်းကမ်းချက် (၄) ချက်နှင့် ကိုက်ညီခြင်းနှင့် မိသားစုအရေးကြောင့် နေအိမ်သို့ မပြန်မဖြစ်ပြန်ရန်လိုအပ်သူများ ဖြစ်ခြင်းတို့ကြောင့် တပ်ဖွဲ့ဝင်အဖြစ် ဆက်လက် စုဆောင်းခြင်းမပြုဘဲပြန်လွှတ်ခဲ့ခြင်းဟု PDF-Zoland က ဆိုသည်။

အဆိုပါ လူငယ် ၁၇ ဦးသည် လွန်ခဲ့သော တစ်လခန့်က တီးတိန်နှင့် တွန်းဇံမြို့နယ်ရှိ ကျေးရွာအသီးသီးမှ သွီဆာအိုဒေသရှိ ဘိန်းစိုက်ခင်းတွင် လုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေစဉ် PDF Zoland တပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများဟု သိရသည်။

ပြီးခဲ့သော တစ်လခန့်က ၎င်းတို့ကို ဘိန်းစိုက်ခင်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အပြစ်ပေးခြင်းထက် စစ်ပညာနှင့် အသိပညာသင်ကြားပေးကာ အမျိုးသားရေးတာဝန် ထမ်းဆောင်စေရန် ရည်ရွယ်ချက်ဖြင့် PDF-Zoland က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အလားတူ မတ်လ ၃၁ ရက်နေ့ကလည်း PDF Zoland သည် စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ထားသူများအနက် ကင်းလွတ်ခွင့်နှင့် ကိုက်ညီသော လူငယ်အယောက် ၂၀ ဦးအား ပထမအသုတ်အဖြစ် နေရပ်သို့ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

PDF Zoland ၏ မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းကင်းလွတ်ခွင့်ပေးသည့် မူဝါဒများမှာ - အသက်မပြည့် သေးသူများနှင့် ကျောင်းသားများ၊ မိသားစုအတွင်း တော်လှန်ရေးလုပ်နေသူရှိပြီးသားသူများ၊ မသန်စွမ်းသူများနှင့် မိသားစုတွင် တစ်ဦးတည်းသော သား/သမီး ဖြစ်သူများ ဖြစ်ကြသည်။

သို့သော် အသက်မပြည့်သော်လည်း မိမိဆန္ဒအလျောက် ပါဝင်လိုသူများကိုမူ ဆက်လက်လက်ခံထားကြောင်း ဆိုသည်။

PDF Zoland သည် မတ်လကုန်ပိုင်းမှစ၍ တီးတိန်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာထားပြီးနောက် "ချင်းမြောက်ပိုင်း နောက်ဆုံးလှိုင်း" စစ်ဆင်ရေးအတွက် အခြေခံစစ် ပညာသင်တန်း အပတ်စဉ် (၁၉) ကိုလည်း ဖိတ်ခေါ်လျက်ရှိသည်။

April 2, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ...
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင်...
March 30, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိသားစုကိစ္စဖြင့် သွားလာနေသည့် လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က...
March 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ဓာတ်ဆီတစ်ဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး...