ကပစ ၁၆ စစ်ဆင်ရေးကို AA နှင့်အတူ BPLA ပူးပေါင်း ဖော်ဆောင်နေ

ကပစ ၁၆ စစ်ဆင်ရေးကို AA နှင့်အတူ BPLA ပူးပေါင်း ဖော်ဆောင်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ ပူးပေါင်းဖော်ဆောင်နေပြီး ကပစ-၁၆ အနီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိ စစ်ကောင်စီက ကပစ-၁၆ ကနေ စစ်ကြောင်းထိုးနေသဖြင့် အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများဖြင့် ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

AA နှင့်ပူးပေါင်းတပ်တို့၏ ထိုးစစ်နီးကပ်လာသည်နှင့်အမျှ ကပစ-၁၆ မှ ထုတ်လုပ်မှုများကိုလည်း လျှော့ချထားပြီး စက်ရုံတွင်း ခံစစ်တိုးမြှင့်ပြင်ဆင်နေကာ စက်ရုံပတ်ဝန်းကျင်တွင်လည်း ကာကင်းခစန်းအသစ်များ တိုးချဲ့ချထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ကပစ-၁၆ အနီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ ရောက်ရှိတာကြောင့် သူတို့က ကာကင်းတွေ အခိုင်အမာတည်ဆောက်ပြီး ခုခံမှုတွေ လုပ်နိုင်ဖို့ ကြိုးပမ်းနေတာ။ သူတို့က လေကြောင်းကနေ ပစ်ကူတွေကို သုံးပြီးမှ မြေပြင်က ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းတာ။ ဒါပေမယ့်လည်း ပူးပေါင်းတပ်တွေဖက်က ဗျူဟာကျကျ ခုခံတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက အကျအဆုံးတွေ၊ ပြန်ဆုတ် နေကြရတာပဲ များတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကပစ ၁၆ အနီး စစ်ဆင်ရေးများတွင် အာရက္ခတပ်တော်နှင့်အတူ BPLA ၏ မြေလတ်စစ်ဒေသ၊ အမှတ် (၂၀၃) ဗျူဟာနှင့် အညာစစ်ဒေသ၊ အမှတ် (၃၀၈) ဗျူဟာတို့က တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်နေကြောင်း BPLA က မတ်လ ၂၅ ရက်တွင် ထုတ်ပြန်လာသည်။

ပွိုင့် ၆၆၆ စခန်းနှင့် ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး ကပစ ၁၆ အနီး တိုက်ပွဲအတွင်း AA နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်များကို BPLA က ထူးချွန်ဆုပေးအပ်ခဲ့ကာ ထိခိုက်ကျဆုံးသွားခဲ့သည့် ရဲဘော်များကိုလည်း အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

AA နှင့်အတူ BPLA ပူးပေါင်းတိုက်ခိုက်နေခြင်းက စစ်အာဏာရှင်ဖြုတ်ချရေးနှင့် တော်လှန်ရေးအရွေ့ကို ပိုမိုမြန်ဆန်စေနိုင်ကြောင်းလည်း စစ်ရေးလေ့လာစောင့်ကြည်သူများက ရှုမြင်ထားကြသည်။

ရခိုင် စစ်ရေးစောင့်ကြည်နေသူတစ်ဦးက “အခု ပဲခူးစစ်မျက်နှာမှာ အတူတိုက်ခိုက်နေကြတယ်ဆိုပြီး ပြသတာက မဟာမိတ် တပ်ပေါင်းစုတွေဖွဲ့ပြီး တိုက်ခိုက်ခြင်းက တော်လှန်ရေးအရွေ့ကို မြန်ဆန် စေတာကို ပြသလိုက်တာပဲ။ ပဲခူး စစ်မျက်နှာဆိုလည်း စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတွေကို သိမ်းပိုက်ထားနိုင်သလို ကပစ စက်ရုံတွေကို ခြိမ်ခြောက်နိုင်တဲ့အထိ ဖြစ်လာတာက အားရစရာ ကောင်းတယ်” ဟု ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)အနေဖြင့် တောင်ပိုင်းစစ်ဒေသ၊ မြေလတ်စစ်ဒေသနှင့် အညာစစ်ဒေသဟူ၍ စစ်ဒေသ (၃) ခု ဖွဲ့စည်းတည်ဆောက်ထားပြီး မဟာမိတ်တပ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အတိအလင်းပြောထားသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ပန်းတောင်းမြို့နယ်အတွင်းက မိုးထိဗျူဟာ၊ ညောင်ကျိုး ဗျူဟာနှင့် ပန်းဂံကွဲ၊ ပွိုင့်-၆၆၆ စခန်းကုန်းတို့ကို သိမ်းပိုက်ထားကြခြင်းဖြစ်သည်။

လက်ရှိ စစ်ကောင်စီသည် ကပစ - ၁၆ ကို ကာကွယ်ရန် အင်အားဖြည့်တင်းချကာပြီး လက်လွှတ်ခဲ့ရသည့် ညောင်ကျိုးစခန်း ပတ်ဝန်းကျင်ကိုလည်း မြေပြင်တန်ပြန်ထိုးစစ်နှင့် ဒရုန်းတိုက်ခိုက်မှုများ လုပ်နေသည်။

ပုံစာ - ညောင်ကျိုးသိမ်းပိုက်ပြီးနောက် ရဲစခန်းရှေ့တွင် တွေ့ရသည့် BPLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - BPLA

ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
June 17, 2026
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင်...
ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...