အာရက္ခတပ်တော် (AA)နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် စစ်မျက်နှာ ၅ ခုစလုံးတွင် စစ်ကော်မရှင်တပ်သည် အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် ယတြာများကို အကြီးအကျယ် ပြုလုပ်ပြီး တိုက်ခိုက်နေသလို တစ်ခြားတစ်ဖက်တွင်လည်း သာသနာ့အလံများ၊ ၂၄ ပစ္စည်းစာရွက်များ၊ နတ်ရုပ်တုများ၊ အမျိုးသမီး ထဘီစများ၊ လက်ဖွဲ့နှင့် အဆောင်များကိုပါ စစ်မြေပြင်သို့ ယူဆောင်လာသဖြင့် သိမ်းဆည်း ရရှိမှုများ ရှိနေသည်ဟု စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက ပြောသည်။
" ဒီလအတွင်းမှာ ရုပ်တုတွေကိုအဆောင်လုပ်ပြီး စစ်မြေပြင်မှာ အသုံးချတာ။ ဘိုးဘိုးအောင်ရုပ်တု၊ သာသနာ့အလံတွေပါတယ်။ ပြီးတော့ တခြား နတ်ရုပ်တုတွေလည်းပါသေးတယ်။ ဒီယတြာက တနေရာထဲမဟုတ်ဘူး။ စစ်မျက်နှာတိုင်းမှာတွေ့နေရတယ်။ အခုဆို စကမ စစ်သားတွေဆီကနေ သိမ်းဆည်း ရမိတာတွေလည်း အများအပြားရှိတယ်" ဟု ၎င်းကပြောသည်။
စစ်ကော်မရှင်သည်အာရက္ခတပ်တော်နှင့် တိုက်ခိုက်နေသည့် စစ်မျက်နှာ ၅ခု ဖြစ်သည့် ရခိုင်ပြည်မှကျောက်ဖြူနှင့် စစ်တွေ၊ ရခိုင်-ဧရာဝတီ၊ ရခိုင်- မကွေး၊ ရခိုင်-ပဲခူး စသည့် စစ်မျက်နှာများတွင် ယတြာချေမှုများကို အကြီးအကျယ်ပြုလုပ်နေသည်ဟု သိရသည်။
" သေတဲ့ စကမ အလောင်းတွေမှာလည်း အဆောင်တွေ အမျိုးမျိုးတွေ့တယ်။ ပိတ်စတွေတွေ့တယ်။ ထဘီစတွေပါတွေ့တယ်။ အမေရဲ့ ထဘီစလည်း ဖြစ်နိုင်တယ်။ တချို့ဆို ဖရိုဖရဲထွက်ပြေးရင်း အိတ်တွေ ကျန်ခဲ့တာတယ်။ ဒီအထဲမှာလည်း နတ်ရုပ်တွေရော၊ သူတို့ ယတြာလုပ်ထားတဲ့ဟာတွေရော တွေ့တယ်။ ပြီးရင် သူတို့စခန်းချခဲ့တဲ့နေရာတွေမှာ ဖယောင်းတိုင်တွေထွန်းပြီး ယတြာလုပ်သွားတဲ့ အထောက်အထားတွေ တွေ့နေရလို့ အတည်ပြုနိုင်တာ" ဟု ၎င်းကပြောသည်။
စစ်ကော်မရှင်သည် မြေပြင်တွင် AA ကို တိုက်မနိုင်သည့်အပြင် စစ်ရေးအရအကျအဆုံးများလာသည့်အတွက် ယခုလိုလုပ်ဆောင်သည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။
“ ဒီမတ်လအတွင်းတိုက်ပွဲတွေမှာ သူတို့ဆီက အခုလိုမျိုးဟာတွေ အများအပြားတွေ့ရတယ်။ နတ်ရုပ်တုတွေကိုသယ်လာတာ။ အဆောင်လုပ်ထားတာ။ စစ်မြေပြင်မှာ သူတို့ အရင်ကထက် ယုံယုံကြည်ကြည် အသုံးပြုနေတာကိုတွေ့နေရတယ်”ဟု ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း နိရဉ္စရာကို ပြောသည်။
ယင်းအပြင် စစ်ကော်မရှင်တပ်ရင်းများတွင်လည်း ဓမ္မပူဇာပွဲများ၊ ပရိတ်၊ ပဋ္ဌာန်းများရွတ်ဖတ်ခြင်းများဖြင့်လည်း အကာအကွယ်အစောင့်ရှောက်ယူလျက်ရှိကြောင်း သိရသည်။
အာရက္ခတပ်တော်(AA)အပါအဝင် တော်လှန်ရေးတပ်များကို တိုက်ခိုက်နေသည့်စစ်ပွဲများတွင် တိုက်ခိုက်မှုစွမ်းရည်ကျဆင်းနေခြင်းကြောင့် သေဆုံးမှုများနေခြင်းသာဖြစ်ပြီး ထိုသို့ကျဆုံးနေခြင်းကြောင့် စိတ်ဓာတ်ပျက်ပြားနေသည့် စစ်သားများအား စိတ်ဓာတ်မြှင့်တင်ရန် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
၎င်းပြင်စစ်ကောင်စီသည် အစီအမံများဖြင့် ရန်ကာဘုရား ၄ ဆူကို ရန်ကုန်ကစစ်တွေသို့ ပင့်ဆောင်ပြီး လောကာနန္ဒာဘုရားတွင် အရပ်လေးမျက်နှာသို့ မျက်နှာမူကာ ယတြာလုပ် ပူဇော်ထားသည်ဟုလည်း သိရသည်။







