ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဒါမှမဟုတ် မှောင်ခိုကူးမှုတွေမှာ ဘယ်ပုံစံနဲ့မဆို ပါဝင်ပတ်သက်တာ၊ အားပေးတာ ဒါမှမဟုတ် အကျိုးအမြတ် ရယူတာမျိုး လုံးဝ မရှိသလို၊ အိန္ဒိယနဲ့ တခြားနေရာတွေက မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့လည်း CNO/CNDF ကြားမှာ ဘယ်လို ဆက်စပ်မှုမှ မရှိဘူးလို့ ဖလမ်းမြို့နယ်မှာအဓိကအခြေပြုပြီးစစ်ရေးလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF )က မတ်လ ၂၄ ရက်နေ့မှာ ငြင်းဆိုကြောင်း ထုတ်ပြန်ကြေညာပါတယ်။
အိန္ဒိယသတင်းမီဒီယာတစ်ခုဖြစ်တဲ့ "The Quint" က မတ်လ (၂၁) ရက်နေ့ကဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ CNDF ရဲ့ စစ်ဆင်ရေးတွေကို မူးယစ်ဆေးဝါး ရန်ပုံငွေတွေနဲ့ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က မကြာသေးခင်က ဖမ်းဆီးခဲ့တဲ့ နိုင်ငံခြားသားတွေနဲ့ လူကိုယ်တိုင်ဖြစ်စေ၊ အလုပ်သဘောအရဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဘယ်လို ပတ်သက်မှုမှ မရှိသလို၊ သူတို့ကို ဆက်သွယ်တာ၊ တွေ့ဆုံတာ ဒါမှမဟုတ် မြင်ဖူးတာမျိုးတောင် မရှိဘူးလို့ အတိအလင်း ငြင်းဆိုထားပါတယ်။
အခုလို အမှုတွေထဲမှာ ၎င်းရဲ့ နာမည်ကို ထည့်သွင်း ချိတ်ဆက်ဖို့ ကြိုးစားတာဟာ လုပ်ကြံဖန်တီးမှုသာ ဖြစ်ပြီး အများပြည်သူကို လမ်းမှားရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း CNO/CNDF က ဆိုပါတယ်။
CNO/CNDF တို့ဟာ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေအတွက် နိုင်ငံရေးအရ ရိုးသားဖြောင့်မတ်မှု၊ လူသားချင်းစာနာထောက်ထားမှုတွေအပေါ် အခြေခံပြီး လုပ်ဆောင်နေတာဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။
ဒါ့အပြင် နယ်စပ်ဖြတ်ကျော် တရားမဝင် လှုပ်ရှားမှုတွေ ဒါမှမဟုတ် ပြည်ပသာသနာပြု ကွန်ရက်တွေဆီကနေ အဓိက ထောက်ပံ့မှု ယူနေတယ်ဆိုတဲ့ အချက်တွေကိုလည်း ပြင်းပြင်းထန်ထန် ငြင်းဆိုထားတယ်။
သတင်းစာပညာ ကျင့်ဝတ်အရ အမှန်တရားနဲ့ အချက်အလက် မှန်ကန်မှုကို အလေးထားဖို့ လိုအပ်တဲ့အတွက် "The Quint" သတင်းဌာနအနေနဲ့ ဒီမှားယွင်းတဲ့ စွပ်စွဲချက်တွေကို ဖယ်ရှားပေးဖို့နဲ့ တရားဝင် ပြင်ဆင်ချက်ကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ CNO က တောင်းဆိုထားပါတယ်။
အကယ်၍ ဒီဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းပေးခြင်း မရှိဘူးဆိုရင် နောက်ထပ် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သတိပေး ပြောကြားထားပါတယ်။
မတ်လ (၂၁) ရက်နေ့က The Quint ရဲ့ ဆောင်းပါးမှာ အဓိကအချက်လေးချက်နဲ့ ရေးသားထားတာကိုတွေ့ရပါတယ်။ CNDF အဖွဲ့ဟာ ၎င်းတို့ရဲ့ လက်နက်ကိုင် တိုက်ပွဲများအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ကွန်ရက်တွေကနေတစ်ဆင့် အဓိက ရှာဖွေနေတယ်လို့ ပထမအချက်အနေနဲ့ စွပ်စွဲထားပါတယ်။
ဒုတိယအချက်မှာ အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းပီတာထန် (Salai Peter Thang) ကိုယ်တိုင်ဟာ မူးယစ်ဆေးဝါး အင်ပါယာတစ်ခုကို ဦးဆောင်နေသူဖြစ်တယ်လို့ ဖော်ပြထားပြီး၊ တတိယအချက်အနေနဲ့ NIA က ဖမ်းဆီးထားတဲ့ အမေရိကန်နဲ့ ယူကရိန်း နိုင်ငံသားတွေဟာ CNDF တပ်ဖွဲ့ဝင်တွေကို စစ်ရေးလေ့ကျင့်ပေးဖို့နဲ့ ဒရုန်းနည်းပညာတွေ ပံ့ပိုးဖို့အတွက် အဆိုပါ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းတွေကိုပဲ အသုံးပြုပြီး ချိတ်ဆက်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆုံး စတုတ္ထအချက်မှာတော့ CNDF ရဲ့ လှုပ်ရှားမှုတွေကို အမေရိကန် ဧဝံဂေလိ ခရစ်ယာန် အသင်းတော်တွေဆီက ရန်ပုံငွေတွေနဲ့ပါ ထောက်ပံ့ပေးနေတယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။







