ကိုးကန့်တပ်များ နမ့်ခမ်းမှ တပ်ဆုတ်၊ တအာင်းအလံများ ၁၀၅ မိုင်တွင် ပြန်လွှင့်ထူ

ကိုးကန့်တပ်များ နမ့်ခမ်းမှ တပ်ဆုတ်၊ တအာင်းအလံများ ၁၀၅ မိုင်တွင် ပြန်လွှင့်ထူ
ဓာတ်ပုံ - (ပုံဟောင်း)
ဓာတ်ပုံ - (ပုံဟောင်း)

ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း တအာင်းအလံများ ပြန်လည်လွှင့်ထူထားသည်ဟု ဒေသခံများက ပြောသည်။

တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့အကြား နယ်မြေစိုးမိုးမှုဆိုင်ရာ သဘောတူညီချက်ရရှိပြီး နောက် နမ့်ခမ်းမြို့နယ်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည့် MNDAA တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားသကဲ့သို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင်လည်း တအာင်းအလံများ ပြန်လည်စိုက်ထူလာကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်က လောက်ကိုင်မြို့တွင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီးနောက် မတ်လ ၂၃ ရက် နံနက်ပိုင်းမှ စတင်ကာ နမ့်ခမ်းမြို့အရှေ့ဘက် ပန်းဆေးဒေသတွင် အင်အားဖြည့်တင်းထားသည့် MNDAA တပ်ဖွဲ့ဝင် ရာနှင့်ချီ၍ စစ်ကားအစီးရေ ၇၀ ကျော်ဖြင့် နမ့်ဖတ်ကာလမ်းပိုင်းမှတစ်ဆင့် ကွတ်ခိုင်မြို့ ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ နမ့်ခမ်းဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“နမ့်ခမ်းဘက်မှာတော့ နမ့်ခမ်းနဲ့ ကွတ်ခိုင်အစပ်ဖြစ်တဲ့ ဒီ ၁၂ မိုင် အရင်က TNLA ရဲ့ ဂိတ်ပေါ့နော်။ အဲ့ဒီ အကျော်မှာ ရောက်နေတဲ့ ဒီနမ့်ခမ်းမြို့ထဲကို ရောက်နေတဲ့ ကိုးကန့်တပ်တွေကတော့ တပ်ဆုတ်သွားပါပြီ။ ကိုးကန့်တပ်ကတော့ ကွတ်ခိုင်နယ်တကြောလုံးကို သူတို့အုပ်ချုပ်မယ်ပေါ့။ အဲ့ဒါကြောင့် ဒီနမ့်ခမ်း နယ်ဘက်ကို ကျူးကျော်နေတဲ့ အရှေ့ကိုရောက်နေတဲ့ ကိုးကန့်စစ်သားတွေက နောက်ဆုတ်သွားပါပြီ။”

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက ကိုးကန့်တပ် MNDAA ဘက်မှ တအာင်းအလံများကို ဖြုတ်ချပြီး အုပ်ချုပ်ရေး အဖွဲ့ဝင်များကို မောင်းထုတ်ခဲ့သည့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ တအာင်းအလံများကို ပြန်လည် စိုက်ထူခွင့် ရရှိလာခဲ့သည်။

သို့သော် အုပ်ချုပ်ရေးယန္တရားတွင် တအာင်းတပ်ဖွဲ့များ ပြန်လည်တာဝန်ယူခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ဒီညီနောင်မဟာမိတ် အုပ်ချုပ်တဲ့ ဒီ ၁၀၅ မိုင်ထဲမှာတော့ TNLA အလံတွေကို အကုန်လုံး ပြန်စိုက်ထူထားတာ တွေ့ရပါတယ်။ ၁၀၅ မိုင်မှာတော့ ကျနော်ကြားသိရသလောက်ကတော့ ဒီဘက်မှာတော့ TNLA အုပ်ချုပ်ရေးကတော့ မထိုင်တော့ဘူးလို့ ကြားသိရပါတယ်။ အရင်တုန်းကတော့ ဒီမှာ ၃ ဖွဲ့ထိုင်တာပေါ့နော်။ အခုတော့ ဒီမှာ AA ရယ်၊ MNDAA ရယ် နှစ်ဖွဲ့ပဲ ထိုင်မယ်လို့တော့ ကြားသိရပါတယ်။ အခွန်နဲ့ ပတ်သက်ရင်တော့ ဒီတိုင်းပဲ အခွန်ကို ၃ ဖွဲ့ကောက်မယ်လို့တော့ ကြားသိရပါတယ်။ TNLA ရဲ့ အခွန်လည်း ဒီဘက်မှာ ရှိမှာပေါ့။”

လက်ရှိတွင် နမ့်ခမ်းမြို့အတွင်း ထိုးစစ်ဆင်လာမည်ကို စိုးရိမ်နေသည့် ဒေသခံများမှာ တပ်ဆုတ်ခွာမှုကြောင့် စိတ်အေးသွားရပြီဟု ဆိုကြသည်။

ယခုကဲ့သို့ ကိုးကန့်တပ် တပ်ဆုတ်ခွာမှုနှင့် တအာင်းအလံ ပြန်လည်စိုက်ထူမှုများသည် နှစ်ဖက်ခေါင်းဆောင်များ အကြား ရရှိထားသည့် သဘောတူညီချက် ၅ ချက်ပါ တပ်နေရာချထားရေးနှင့် မဟာမိတ်အချင်းချင်း အသိအမှတ်ပြုရေးဆိုင်ရာ အချက်များကို လက်တွေ့အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင် နှစ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် ယင်းအငြင်းပွားမှုသည် ခေါင်းဆောင်ပိုင်းများ၏ ဆွေးနွေးမှုအရ ပြေလည်မှုရရှိသွားပြီဖြစ်သော်လည်း လားရှိုး-နမ္မတူ လမ်းပိုင်းရှိ အီနိုင်းကျေးရွာကဲ့သို့ နေရာ

အချို့တွင်မူ MNDAA တပ်များ ဆက်လက်ရှိနေသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

March 24, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ပွဲများအထိ ဖြစ်ပွားခဲ့သည့်...
March 23, 2026
ရွေးကောက်ပွဲ ကာလအတွင်း စစ်ကော်မရှင်က နည်းပညာသုံး၍ သတင်းမီဒီယာများကို ဒစ်ဂျစ်တယ်အမှောင်ချပြီး...
ဓါတ်ပုံ - ဒရုန်းထိမှန်သေဆုံးသွားသည့် ပရဟိတသမား မိုင်းထွန်းလှပုံ
March 20, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA) နှင့်...
KNU (ပုံဟောင်း)
March 19, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကော်မရှင်၏...