စက်သုံးဆီဂယက်ကြောင့် သယ်ယူပို့ဆောင်စရိတ်နှင့် အခြေခံစားသောက်ကုန်များ စျေးတက်

စက်သုံးဆီဂယက်ကြောင့် သယ်ယူပို့ဆောင်စရိတ်နှင့် အခြေခံစားသောက်ကုန်များ စျေးတက်

စက်သုံးဆီ ပြတ်လပ်ပြီး အကန့်အသတ်ဖြင့် စျေးကြီးပေးဝယ်နေရသည့်အတွက် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အခြေခံစားသောက်ကုန်စည်များ စျေးနှုန်းမြင့်တက်လာသည်ဟု မွန်ဒေသခံတို့က ပြောသည်။

ထိုင်းဘတ်ငွေစျေးကျချိန်တွင် ထိုင်းကုန်ပစ္စည်းများ ‌စျေးကျရမည့်အခြေအနေဖြစ်သော်လည်း စက်သုံးဆီကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်နေသည့်အတွက် ထိုင်းထုတ်ကုန်ပစ္စည်းများလည်း စျေးမြင့်တက်လျက်ရှိသည်။

လက်ရှိတွင် စက်သုံးဆီအခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်သည် ပစ္စည်းအကြီးအသေးပေါ်မူတည်ပြီး တမျိုးလျှင် ကျပ် ၂၀၀၀ ကနေ ၆၀၀၀ အထိ စျေးတက်လာသည်ဟု ဆိုသည်။

စားသောက်ကုန်များလည်း ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး တမျိုးလျှင် ကျပ်ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ စျေးနှုန်းမြင့်တက်လာသည်ဟု ရေးမြို့နယ်မှ ကုန်စုံရောင်းနေသည့်အမျိုးသမီးတစ်ဦးက ပြောသည်။

“တဖြည်းဖြည်းနဲ့ တက်နေတယ်။ ကားခကြောင့်ဖြစ်တဲ့ပြဿနာပဲဆိုတော့ တကယ်က အခု ထိုင်းကုန်တွေ စျေးကျရမဲ့အချိန် အခုက လိုက်တက်လာတယ်။ စားဆီဆို တစ်ဖာ ကျပ် တစ်သောင်း တက်လာတယ်” ဟု ၎င်းက ပြောသည်။

စက်သုံးဆီကြောင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း၊ စားသောက်ကုန်‌စျေးနှုန်းမြင့်တက်လာသည့်အပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှု ဖြစ်စေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

သင်္ကြန်ကာလသည် စားသောက်ကုန်ပစ္စည်းများ စျေးမြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင် စက်သုံးဆီအကျပ်အတည်းကြောင့် ယခင်နှစ်များကထက် အစစအရာရာ စျေးပိုတက်လာသည့်အတွက် လက်လုပ်လက်စား အခြေခံလူတန်းစားများ ပိုပြီး ဝန်ပိစေသည်ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။

“အိမ်ထောင်စုများတဲ့အိမ်က စားဖို့ သောက်ဖို့ကိစ္စ အဆင်မပြေနေပြီးသားပဲ။ တစ်ပတ်ပတ်စျေးတွေ တက်လာတယ်။ ဆန်တစ်အိတ် ၆၀၀၀၀ ကနေ ၆၇၀၀၀ ဖြစ်လာတယ်။ ကင်းပွန်းရွက်စျေးက တစ်စီး ၁၀၀၀ ဖြစ်လာတယ်။ ပုံမှန်လည်း သင်္ကြန်မတိုင်ခင်ဆို ‌စျေးတက်နေကြပဲ အခုက ဆီရောဆိုတော့ ပိုတက်စေတယ်” ဟု ပြောသည်။

ဒေသထွက်ကုန်ဖြစ်သည့် ဆန်စျေးနှုန်းလည်း ကားခအပေါ်မူတည်ပြီး ယခင်ကထက် တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့် တက်လာသည်ဟု မော်လမြိုင်မြို့မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

စက်သုံးဆီအခက်အခဲသည် မည်မျှကြာနိုင်သည်ကို မသိရှိနိုင်သည့်အတွက် ကုန်စျေးနှုန်းများ ထပ်မံမြင့်လာနိုၚ်သည်ဟုလည်း ဒေသခံတို့က ခန့်မှန်းနေကြသည်။

March 24, 2026
ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်းလာနေပြီး မတ်လ ၂၃ ရက်နေ့တွင် ၁၆...
ပုံ- မြိတ်သတင်းနှင့်ဓာတ်ပုံ
March 23, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ကားလမ်းပိုင်း အသုံးပြုမှုနှင့်ပတ်သတ်၍...
March 21, 2026
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ယမန်နေ့ရွေးချယ်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ကြံ့ခိုင်ရေးပါတီ...
March 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာကျေးရွာအချို့တွင်...