စက်သုံးဆီ လျှော့ချရေး ဝန်ထမ်းများ ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ အလုပ်လုပ်ရန် ညွှန်ကြား

စက်သုံးဆီ လျှော့ချရေး ဝန်ထမ်းများ ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ အလုပ်လုပ်ရန် ညွှန်ကြား

စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအနေဖြင့် ရုံးမတက်ဘဲ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ကြရန် စစ်ကော်မရှင်က မတ် ၂၂ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ အစီအစဉ်ကို လာမည့် မတ်လ ၂၅ ရက်မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်သွားကြရန် သတ်မှတ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

“ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီ ချွေတာရန်ဖြစ်သည့် အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှု မပြုကြရန်ဖြစ်ပါသည်” ဟု စစ်ကော်မရှင်က ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့ပြင် ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း စစ်ကော်မရှင်လက်အောက်ခံ ရုံးဌာနများနည်းတူ နေအိမ်မှ အလုပ်လုပ်ခြင်း (Work from Home) ကဲ့သို့ လုပ်ဆောင်မှုမျိုး အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဟုလည်း ဖော်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် အတူ စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနကလည်း စက်သုံးဆီ ရက် ၅၀ စာသိုလှောင်ထားပြီးဖြစ်ကြောင်း၊ ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ထို့ပြင် လက်ရှိ ဆီရောင်းချနေသည့် စနစ်ကို ပြောင်းလဲပြီး ယာဉ်၏ စက်စွမ်းအားအပေါ် မူတည်ကာ တပတ်အတွင်း ဆီဝယ်ယူခွင့်ရှိသည့် ပမာဏကို သတ်မှတ်ပြီး တပတ်အတွင်း တကြိမ်တည်းဖြစ်စေ၊ အများဆုံး နှစ်ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို လာမည့် ရက်သတ္တပတ်အတွင်း စတင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးသည်။

လက်ရှိတွင် စက်သုံးဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းလိုင်းအချို့ ပြေးဆွဲမှုရပ်နားခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် အတူ ကားလက်မှတ်ဈေးနှုန်းများ မြင့်တက်ခြင်းများလည်း ဖြစ်ပေါ်နေသည်။

ဆီဆိုင်များတွင်လည်း တန်းစီစောင့်ဆိုင်းနေရပြီး စစ်ကော်မရှင်ရုံးစိုက်ရာ နေပြည်တော်တွင် မော်တော်ယာဉ်တစီးလျှင် ကျပ် ၅၀,၀၀၀၊ သုံးဘီးအငှားယာဉ် တစီးလျှင် ကျပ် ၁၀,၀၀၀ နှင့် ဆိုင်ကယ်တစီးလျှင် ကျပ် ၅,၀၀၀ ဖိုးသာ ဝယ်ယူခွင့်ရနေသည်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီချွေတာရမည်ဟုဆိုကာ လက်ရှိတွင် စစ်ကော်မရှင်က EV မှလွဲပြီး စုံရက်များတွင် စုံအက္ခရာပါသည့်ပုဂ္ဂိလကပိုင်ယာဉ်များ၊ မရက်များတွင် မအက္ခရာ ပါသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်ရန်သတ်မှတ်ထားသည့်အပြင် မော်တော် ယာဉ်များကိုလည်း Qr Code ဖြင့် တရက်ကို တကြိမ်သာ ဆီရောင်းချပေးနေခြင်းဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...